မြင်းခြံမှာ လင်မယားချင်းရန်ဖြစ်ချိန် စစ်သားတွေရဲ့ရိုက်နှက်ခံရသူ သေဆုံး

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ဂေါင်းကွဲရွာမှာ လင်မယား စကားများရန်ဖြစ်ချိန် စစ်ကောင်စီတပ်သားတွေ လာရောက်ရိုက်နှက်ခဲ့တာကြောင့် ၁၀ ရက်အကြာ အောက်တိုဘာလ ၂၆ ရက်နေ့မှာ အမျိုးသားဖြစ်သူ အသက် ၃၉ နှစ်ရွယ် အကြီးကောင် သေဆုံးသွားတယ်လို့ မြင်းခြံမြို့ခံတွေက RFA ကို ပြောပါတယ်။

မြင်းခြံမြို့မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့ကို ၂၀၂၁ မတ် ၃ ရက်နေ့က တွေ့ရစဉ် Photo: Citizen Journalist

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ဂေါင်းကွဲရွာမှာ လင်မယား စကားများရန်ဖြစ်ချိန် စစ်ကောင်စီတပ်သားတွေ လာရောက်ရိုက်နှက်ခဲ့တာကြောင့် ၁၀ ရက်အကြာ အောက်တိုဘာလ ၂၆ ရက်နေ့မှာ အမျိုးသားဖြစ်သူ အသက် ၃၉ နှစ်ရွယ် အကြီးကောင် သေဆုံးသွားတယ်လို့ မြင်းခြံမြို့ခံတွေက RFA ကို ပြောပါတယ်။

စစ်ကောင်စီတပ်သားတွေက ရွာလမ်းချဲ့ဖို့ သစ်ပင်တွေ ခုတ်ခိုင်းတာကို မလုပ်နိုင်ကြောင်းပြောလို့ အမျိုးသမီးနဲ့ စကားများရန်ဖြစ်နေချိန် ရွာမှာရှိတဲ့ စစ်သားတွေကို တိုင်တဲ့သူကြောင့် စစ်သားသုံးဦး ရောက်လာပြီး ၁ နာရီ ကျော် ရိုက်နှက်သွားတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မြင်းခြံမြို့ခံတစ်ဦးက ပြောပါတယ်။

“၁၆ ရက်နေ့ညက အရိုက်ခံရတယ်၊ အိမ်ရှေ့လမ်းမှာတင်ရိုက်တာ၊ ရေတွင်းမှာသုံးတဲ့ လေမှုတ်တဲ့ ပိုက် အဝါကြီးနဲ့ ရိုက်တာ၊ ရွာအုပ်ချုပ်ရေးမှူးသွားတားမှ ရိုက်တာရပ်တယ်၊ ရင်ဘတ်၊ ကျော၊ ခေါင်း ရိုက်တဲ့ ဒဏ်ရာကများတော့ ဆီးမသွားတော့ဘူး၊ အဲဒါနဲ့ မြင်းခြံဆေးရုံ ပြတယ်၊ မရတော့ မန္တလေးဆေးရုံ ပြတယ်၊ မရတော့ နေပြည်တော်ထိ သွားပြပေမယ့်လည်း မရတော့ဘူး၊ စစ်သားတွေက အရပ်ဝတ်တွေနဲ့ ရွာလူကြီး အိမ်မှာ အမြဲရှိတယ်” လို့ ဒေသခံက ဆိုပါတယ်။

သေဆုံးသွားတဲ့ ကိုအကြီးကောင် အလောင်းကို ဂေါင်းကွဲရွာ ပြန်သယ်လာပြီး အောက်တိုဘာလ ၂၇ ရက် မနေ့မှာပဲ သင်္ဂြိုဟ်လိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကိုအကြီးကောင်ဟာ တောင်ယာလုပ်ငန်း လုပ်ကိုင်သူဖြစ်ပြီး သားသမီး သုံးဦး ကျန်နေခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

RFA က သီးခြားပြုစုထားတဲ့စာရင်းတွေအရ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ပစ်ခတ်သတ်ဖြတ်ခံရသူနဲ့ ဖမ်းဆီးသတ်ဖြတ်ခံရသူ စုစုပေါင်း ၁၁၇၀ ဦး ရှိနေပြီဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org