မြောင်းမြထောင်မှာ နိုင်ငံရေးအကျဥ်းသားတွေထံ ဆေးဝါးပို့ခွင့် ကန့်သတ်ခံရ
မြောင်းမြအကျဥ်းထောင်မှာ နိုင်ငံရေးအကျဥ်းသားတွေရဲ့ ကျန်းမာရေးအတွက် ဆေးဝါးပို့ခွင့် ကန့်သတ်ခံနေရတယ်လို့ နိုင်ငံရေးအကျဥ်းသားဟောင်းတွေက RFA ကို ဒီဇင်ဘာ ၁၇ ရက် ဒီနေ့ပြောပါတယ်။
-
RFA Burmese
2024-12-17 -
-
-
ဧရာဝတီတိုင်း၊ မြောင်းမြအကျဥ်းထောင်မှာ နိုင်ငံရေးအကျဥ်းသားတွေရဲ့ ကျန်းမာရေးအတွက် ဆေးဝါးပို့ခွင့် ကန့်သတ်ခံနေရတယ်လို့ နိုင်ငံရေးအကျဥ်းသားဟောင်းတွေက RFA ကို ဒီဇင်ဘာ ၁၇ ရက် ဒီနေ့ပြောပါတယ်။
အကျဥ်းထောင်ထဲမှာ ဆေးဝါးမလုံလောက်တာကြောင့် နိုင်ငံရေးအကျဥ်းသား မိသားစုဝင်တွေက တစ်လတစ်ခါ ထောင်ဝင်စာပို့တဲ့အခါ ဆေးဝါးတွေ ထည့်ပေးလိုက်ပေမဲ့ ထောင်အာဏာပိုင်တွေဘက်က သိမ်းယူတာတွေ ရှိနေတယ်လို့ ဆိုပါတယ်။
ပို့ခွင့်ရတဲ့ ဆေးဝါးတချို့ကိုလည်း နိုင်ငံရေးအကျဥ်းသားတွေလက်ထဲ တိုက်ရိုက်မရောက်ဘဲ ထောင်ဆေးခန်းကနေတစ်ဆင့် ဆေးထုတ်ပေးတယ်လို့ နိုင်ငံရေးအကျဥ်းသား မိသားစုဝင်တွေက ပြောပါတယ်။
မြောင်းမြထောင်က လွတ်လာတဲ့ နိုင်ငံရေးအကျဥ်းသားဟောင်းတစ်ဦးကတော့ ဆေးဝါးထောင်ဝင်စာ ပို့ခွင့်ကန့်သတ်ခံနေရတဲ့အပြင် အကျဥ်းသားတွေလက်ထဲမှာ ဆေးဝါးအများအပြားထားတာကို ထောင်အာဏာပိုင်တွေက တားမြစ်ထားတယ်လို့ RFA ကို ပြောပါတယ်။
“အိမ်က ထည့်ပေးလိုက်တဲ့ ဖျားနာ၊ အကိုက်အခဲ ပျောက်ဆေးလိုဟာမျိုးတောင် တစ်ကတ်လောက်ပဲ ထားလို့ရတယ်။ အိမ်ကလည်း တစ်လမှ တစ်ခါဆိုတော့ များများထည့်ပေးလိုက်တာ ရှိတယ်။ ဒါပေမဲ့ အဲဒါတွေက ထောင်အာဏာပိုင်ဘက်က လက်ခံဘူး။ လက်ခံရင်လည်း ထောင်ဆေးရုံက ပဲသိမ်းထားတာ။ နိုင်ငံရေးအကျဥ်းသားလက်ထဲ မရောက်ဘူး”
အခုရက်ပိုင်းမှာပဲ နိုင်ငံအကျဥ်းသားတွေကို မိလ္လာခပ်ခိုင်းတာ အပါအဝင် အလုပ်ကြမ်း လုပ်ခိုင်းတာတွေလည်း ရှိတယ်လို့ သူက ပြောပါတယ်။
ဒီအခြေအနေနဲ့ပတ်သက်လို့ တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီရဲ့ အကျဥ်းဦးစီးဌာနပြောခွင့်ရသူ ဒုတိယညွှန်ကြားရေးမှူးချုပ်ရုံးကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ပေမဲ့ လက်ခံဖြေကြားတာ မရှိပါဘူး။
မြောင်းမြထောင်မှာ ကျန်းမာရေး ချို့တဲ့နေတဲ့ နိုင်ငံရေးအကျဥ်းသားတွေ ဆေးကုသခွင့် အလုံအလောက်မရသလို ဆေးဝါးပို့ခွင့်လည်း ပိတ်ခံထားရတယ်လို့ နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဒီဇင်ဘာ ၁၆ ရက်မှာ ထုတ်ပြန်ပါတယ်။
မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဥ်းသားများကွန်ရက် (PPNM) ရဲ့ ဒီဇင်ဘာ ၂ ရက် ထုတ်ပြန်ချက်အရ ၂၀၂၄ ခုနှစ်အတွင်း အကျဥ်းထောင်တွေထဲမှာ ဆေးကုသခွင့် အလုံအလောက်မရလို့ သေဆုံးရတဲ့ နိုင်ငံရေးအကျဥ်းသား နှစ်ဆယ်အထိ ရှိလာပါတယ်။