မြန်မာလူငယ်နှစ်ဦးကို မျိုးရိုးဗီဇ ထပ်စစ်ဖို့ ထိုင်းဝန်ကြီးချုပ် ခွင့်ပြု
2014.10.29

ထိုင်းနိုင်ငံ ခိုထောင်းကျွန်း ခေါ် လိပ်ကျွန်းမှာ ဗြိတိန်နိုင်ငံသားနှစ်ဦး အသတ်ခံရမှုနဲ့ ပတ်သက်လို့ ဖမ်းဆီးခံထားရတဲ့ မြန်မာအလုပ်သမား ကိုဝင်းဇော်ထွန်း နဲ့ ကိုဇော်လင်းတို့ရဲ့ မျိုးရိုးဗီဇ DNA ကို ထပ်မံစစ်ဆေး ခွင့်ပြုမှာဖြစ်ကြောင်း ထိုင်းဝန်ကြီးချုပ်က ဒီကနေ့ ပြော ကြားလိုက်ပါတယ်။
သူတိုနှစ်ဦးကို အရင်က စစ်ဆေးစမ်းသပ်မှုတွေဟာ တရားမျှတမှုမရှိဘူးလို့ယူဆရင် ဒုတိယအကြိမ် DNA ထပ်မံစစ်ဆေးခွင့်ပြုမှာဖြစ်တယ်လို့ ဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာက ဒီကနေ့ သတင်းထောက်တွေ နဲ့ တွေ့ဆုံစဉ်မှာ အခုလို ပြောလိုက်တာပါ။
ထိုင်းဝန်ကြီးချုပ်ရဲ့ ဒီပြောကြားချက်အရ DNA ထပ်မံ စစ်ဆေးမယ်ဆိုရင် သူတို့အမှုကိုလိုက်ပါဆောင်ရွက်နေ တဲ့ အကျိုးဆောင်တွေကို အကြောင်းကြားပြီးမှ ဆောင် ရွက်ရမှာဖြစ်တယ်လို့ မြန်မာသံရုံး အထူးကိုယ်စား လှယ် အဖွဲ့က ရှေ့နေ ဦးအောင်မျိုးသန့်က ရှင်းပြပါတယ်။
"သူတို့ဝန်ကြီးချုပ်က ခွင့်ပြုမယ်ဆိုတာ ဒီရဲတွေအနေနဲ့ သူတို့အရင်စစ်ထားတယ်၊ ဒါပေမဲ့ အခုထပ် စစ်ဖို့အတွက် ခွင့်ပြုမယ်၊ သူတို့အချင်းချင်း အောက်ကိုညွှန်ကြားမယ်ဆိုတဲ့ ပုံစံမျိုးပါ၊ စစ်မယ်ဆိုရင် ဒီလိုစစ်ခံရတဲ့ တရားခံရဲ့ အကျိုးဆောင်ပါရှိနေရမှာပါ၊ ဒီအမှုက စစချင်းစစ်တဲ့အချိန်မှာကတည်း က ရှေ့နေရှိရမှာပါ၊ ဒါပေမဲ့ အဲ့ရှေ့နေ မရှိဘူးဆိုတဲ့အကြောင်းက ပေါ်ခဲ့ပြီးပါပြီ၊ ဒါပေမဲ့ အခုအချိန်မှာ ကျနော်တို့က ရှေ့နေ ကိုယ်စားလှယ်ပါဝါနဲ့ ၁၄ ရက် ၁ဝ လ ၂ဝ၁၄ က ကြိုတင်သက်သေထွက်ချက်တွေ ယူခဲ့ပြီးပါပြီ၊ အဲ့အချိန်မှာလည်း ကျနော်တို့ဖက် က ရှေ့နေတွေပါပြီးပါပြီ၊ အခု ဒီတရားခံကလေးတွေကို စစ်ချက်ပြန်လည်ယူမယ်ဆိုရင်လည်း ကျနော်တို့ကို အကြောင်းကြားရမှာပါ၊ အဲဒီ့အခါ ကျနော်တို့လည်း ပါဝင်ပူးပေါင်းလို့ရမှာပါ"
ဒီကနေ့မှာဘဲ မြန်မာသံအမတ်ဦးဆောင်တဲ့ အထူးကိုယ်စားလှယ်အဖွဲ့ဟာ ထိုင်းရှေ့နေများကောင်စီနဲ့ တွေ့ဆုံပြီး အမှုကိုအပ်လိုက်တယ်လို့ သိရပါတယ်။
လူသတ်မှုနဲ့ပတ်သက်ပြီး ဖမ်းဆီးခံနေရတဲ့ ကိုဇော်ဝင်းထွန်းနဲ့ ကိုဇော်လင်းတို့နှစ်ဦး နှိပ်စက်ညှင်းပန်းခံရမှု ရှိ၊ မရှိနဲ့ အမှုတရားမျှတမှုရှိရေအတွက် ထိုင်းရှေ့နေများကောင်စီနဲ့ ထိုင်းအမျိုးသား လူ့အခွင့်ရေးကော်မရှင်တို့ ပူးပေါင်းဖော်ထုတ်သွားမယ်လို့လည်း သိရပါတယ်။