မြန်မာအပါအဝင် ငတ်မွတ်ခေါင်းပါးဒဏ်ခံရမှု ကမ္ဘာတဝှမ်းမှာ တိုးလာ
2018.03.22
၂၀၁၆ ခုနှစ်မှာ ကမ္ဘာပေါ်ကလူပေါင်း ၁၀၈ သန်းဟာ ငတ်မွတ်ခေါင်းပါးတဲ့ဒဏ် ပြင်းပြင်းထန်ထန်ခံစားခဲ့ရပြီး ၂၀၁၇ ခုနှစ်မှာတော့ ငတ်မွတ်ခေါင်းပါးဒဏ်ခံရသူအရေအတွက်ဟာ ၁၂၄ သန်းအထိရှိလာတယ်လို့ ကုလသမဂ္ဂက ထုတ်ပြန်တဲ့အစီရင်ခံစာတခုမှာ ဖော်ပြထားပါတယ်။
တိုးလာတဲ့ပမာဏဟာ မြန်မာ၊ နိုင်ဂျီးရီးယား၊ ယီမင်၊ တောင်ဆူဒန်နဲ့ လောလောဆယ် မိုးခေါင်ရေရှားဒဏ်ခံနေရတဲ့ အာဖရိကနိုင်ငံတွေက လူတွေဖြစ်တယ်လို့ဆိုပါတယ်။ ၂၀၁၈ မှာလည်း အခြေအနေဟာ ဆက်လက်ဆိုးဝါးနေဦး မှာဖြစ်တယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
ကမ္ဘာလုံးဆိုင်ရာ အစာရေစာပြဿနာအစီရင်ခံစာဟာ ကုလသမဂ္ဂအေဂျင်စီတွေ၊ ဥရောပသမဂ္ဂ၊ အစားအစာမူဝါဒ ဆိုင်ရာအဖွဲ့တွေ ပူးပေါင်းပြီး ကမ္ဘာ့လူသားတွေရင်ဆိုင်နေရတဲ့ အစာရေစာမလုံလောက်မှု ပြဿနာတွေကို ပိုမိုပူးပေါင်းဖြေရှင်းနိုင်ရေးရည်ရွယ်ချက်နဲ့ ၂၀၁၆ ခုနှစ်မှာ စတင်လို့ နှစ်စဉ်တင်ပြနေတဲ့ အစီရင်ခံစာဖြစ်ပါတယ်။