ကယားပြည်နယ်ထဲ လူအစုလိုက် အသတ်ခံရမှုကို စုံစမ်းစစ်ဆေးဖို့ ကုလတောင်းဆို

ကယားပြည်နယ်ထဲမှာ လူ ၃၅ ဦးကို အစုလိုက်အပြုံလိုက် သတ်ဖြတ်မီးရှို့ခံရတဲ့ ဖြစ်စဉ်ကို စုံစမ်းစစ်ဆေးမှုတွေလုပ်ဖို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုနဲ့ အရေးပေါ် ကယ်ဆယ်ရေး ညှိနှိုင်းရေးမှူး Martin Griffiths က ဒီဇင်ဘာ ၂၆ ရက်စွဲနဲ့ ကြေညာချက် ထုတ်ပြန်ပါတယ်။

၂၀၂၁ ဒီဇင်ဘာ ၂၄ ရက်က ကယားပြည်နယ် ဖရူဆိုမြို့နယ်မှာ စစ်ကောင်စီတပ်က လူ ၃၅ ဦးကို သတ်ဖြတ်မီးရှို့ခဲ့စဉ် Photo: Citizen Journalist

ကယားပြည်နယ်ထဲမှာ လူ ၃၅ ဦးကို အစုလိုက်အပြုံလိုက် သတ်ဖြတ်မီးရှို့ခံရတဲ့ဖြစ်စဉ်ကို စုံစမ်းစစ်ဆေးမှုတွေ လုပ်ဖို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုနဲ့ အရေးပေါ် ကယ်ဆယ်ရေး ညှိနှိုင်းရေးမှူး Martin Griffiths က ဒီဇင်ဘာ ၂၆ ရက်စွဲနဲ့ ကြေညာချက် ထုတ်ပြန်ပါတယ်။

ဒီဇင်ဘာ ၂၄ ရက်က ကယားပြည်နယ် ဖရူဆိုမြို့နယ် မိုဆိုရွာအနီးမှာ ကလေးငယ်တစ်ဦး အပါအဝင် လူ ၃၅ ယောက် အသတ်ခံရတဲ့ သတင်းကြောင့် ထိတ်လန့်တုန်လှုပ်မိပြီး အဲဒီအဖြစ်အပျက်မှာ Save the Children ရဲ့ ဝန်ထမ်းနှစ်ဦးလည်း ပျောက်ဆုံးနေသလို အဲဒီဝန်ထမ်းတွေရဲ့ ကားလည်း မီးရှို့ခံထားရတယ်လို့ ထုတ်ပြန်ချက် မှာ ဖော်ပြထားပါတယ်။

နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှု ဥပဒေအရ နိုင်ငံတဝှမ်းက အရပ်သားတွေ တိုက်ခိုက်ခံရတာ တွေကို ရှုတ်ချသလို ကျူးလွန်သူတွေကိုလည်း အမြန်ဆုံးတရားစီရင်နိုင်ဖို့ အာဏာပိုင်တွေကို တောင်းဆို တယ်လို့လည်း Martin Griffiths ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံရှိ လက်နက်ကိုင်အဖွဲ့အစည်းအားလုံးကလည်း အရပ်သားတွေ ထိခိုက်မှုကနေ ကာကွယ်ပေးကြဖို့ သူက တိုက်တွန်းထားပါတယ်။

သန်းနဲ့ချီတဲ့ မြန်မာလူထုဟာ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အထောက်အပံ့တွေ လိုအပ်နေပြီး ကုလသမဂ္ဂ နဲ့ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ မိတ်ဖက်အဖွဲ့အစည်းတွေက အကူအညီပေးဖို့ ကတိပြုထားတယ်လို့လည်း ကြေညာချက်မှာ ဖော်ပြပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org