ဦးကိုနီ ကို လုပ်ကြံမှု ဟာ နိုင်ငံတော် တည်ငြိမ်မှုကို ပျက်ပြားအောင် ရည်ရွယ် လုပ်ဆောင်တာလို့ သမ္မတရုံး သတင်းထုတ်ပြန်
2017.01.30

တရားလွှတ်တော်ရှေ့နေ ဦးကိုနီကို အနီးကပ် လုပ်ကြံမှုဟာ နိုင်ငံတော်အတွင်း တည်ငြိမ်အေးချမ်းမှု ပျက်ပြားအောင် ရည်ရွယ်ဆောင်ရွက်ကြောင်း သုံးသပ်တွေ့ရှိတယ်လို့ နိုင်ငံတော်သမ္မတရုံးက သတင်းထုတ်ပြန်ပါတယ်။
အစိုးရအနေနဲ့ ဦးကိုနီ သေဆုံးမှုဖြစ်စဉ် အမှန်ပေါ်ပေါက်ရေးအတွက် စုံစမ်းစစ်ဆေးမှုတွေ ဆောင်ရွက်နေပြီး လုံခြုံရေးအစီအမံတွေကို အထူးအလေးထားဆောင်ရွက်နေတယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
ဒီဖြစ်စဉ်ကြောင့် ပြည်သူတွေ အထိတ်တလန့်မဖြစ်ဘဲ တည်ငြိမ်အေးချမ်းစွာ နေထိုင်ကြဖို့၊ ဘာသာရေး လူမျိုးရေး သွေးထိုးမှုတွေကို အထူးဂရုပြုကြဖို့၊ ဒီလုပ်ကြံသတ်ဖြတ်မှုနဲ့ ပတ်သက်ပြီး တည်ငြိမ်အေးချမ်းမှု ပျက်ပြားအောင် လုပ်ဆောင်တာတွေ တေ့ွရှိရင် တာဝန်ရှိသူတွေထံ အမြန်ဆုံးဆက်သွယ် အသိပေးကြဖို့ လည်း မေတ္တာရပ်ခံထားပါတယ်။
မနေ့ညနေ ၅နာရီခန့်က ရန်ကုန်လေဆိပ်မှာ ဦးခေါင်းကို ပစ္စတိုသေနတ်နဲ့ အနီးကပ်ပစ်ခတ် လုပ်ကြံခံရတဲ့ ဦးကိုနီ သေဆုံးမှုနဲ့ တရားခံ ဖမ်းဆီးရမိရေး ကူညီရာမှာ အသက်သေဆုံးခဲ့တဲ့ အငှားယာဉ်မောင်း ဦးနေဝင်း တို့အတွက် စိတ်မကောင်းဖြစ်ရကြောင်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
ဒါ့အပြင် တရားခံကို ဝိုင်းဝန်းကူညီဖမ်းဆီးပေးခဲ့ကြတဲ့ တာဝန်သိပြည်သူတွေကို ကျေးဇူးအထူးတင်ကြောင်းလည်း ပါရှိပါတယ်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးကလည်း ဥပဒေအကြံပေး ဦးကိုနီ သေဆုံးမှုနဲ့ ပတ်သက်ပြီး ဖြစ်စဉ် မှန်ပေါ်ပေါက်ရေး၊ ပြစ်မှုကျူးလွန်သူတွေကို အမြန်ဖမ်းဆီး ရမိရေးအတွက် လုံခြုံရေးအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ သတင်းထုတ်ပြန်ပါတယ်။
ဒါ့အပြင် ဦးကိုနီ သေဆုံးမှုအတွက် ကျန်ရစ်တဲ့မိသားစုနဲ့ထပ်တူ ဝမ်းနည်းကြောင်းနဲ့ ဦးကိုနီ သေဆုံးမှုဖြစ်စဉ်ဟာ လုံခြုံရေးနဲ့ပတ်သက်ပြီး များစွာထိခိုက်စေကြောင်းလည်း သတင်းထုတ်ပြန်ချက်မှာ ပါရှိပါတယ်။