သယံဇာတ စီမံခန့်ခွဲမှုဆိုင်ရာ သုတေသန အစီရင်ခံစာ ထုတ်ပြန်
2017.02.23

တိုင်းရင်းသားလူမျိုးများရေးရာစင်တာ ENAC က ပြုစုထားတဲ့ မြန်မာနိုင်ငံရဲ့ သဘာဝသယံဇာတ ပိုင်ဆိုင်မှု၊ စီမံခန့်ခွဲမှု၊ ဝင်ငွေခွဲဝေမှုနဲ့ သက်ရောက်မှုဆိုင်ရာ သုတေသန အစီအရင်ခံစာထုတ်ပြန်ခြင်း အခမ်းအနားကို ဒီကနေ့ ဖိုးစိန်လမ်းမှာရှိတဲ့ Green Hill ဟိုတယ်မှာပြုလုပ်ခဲ့ပါတယ်။
ဒီအစီရင်ခံကို လာမယ့် ၂၁ ရာစု ပင်လုံညီလာခံမှာ တက်ရောက်ဆွေးနွေးမယ့် အဖွဲ့ဝင်တွေအတွက် အထောက် အကူရအောင် ပြုစုခဲ့တာဖြစ်တယ်လို့ ENAC ရဲ့ ဒါရိုက်အဖွဲ့ဝင်ဖြစ်တဲ့ ဦးစိုင်းညွှန့်လွင်က ပြောပါတယ်။
"လာမယ့် ၂၁ ရာစု ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံမှာ သဘာဝသံဇာတနဲ့ ပတ်သက်တဲ့ ခေါင်းစဉ်ပါ ပါတယ်၊ ဆွေးနွေးရမှာဖြစ်တယ်၊ ဆွေးနွေးမယ့် အဖွဲ့အစည်းတွေအားလုံးအတွက် အထောက်အကူပြုအောင် ဆိုပြီး လုပ်ထားခြင်းဖြစ်ပါတယ်"
အစီရင်ခံစာအတွက် သဘာဝဓာတ်ငွေ့ထွက်ရှိရာ ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နဲ့ ကျောက်စိမ်းထွက်ရာ ဒေသဖြစ်တဲ့ ကချင်ပြည်နယ် ဖားကန့်မြို့တွေမှာ သွားရောက်လေ့လာပြီးမှ ထုတ်ပြန်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
ဒီအစီရင်ခံစာထဲမှာ သဘာဝသယံဇာတတွေကို ထွက်ရှိရာ ပြည်နယ်ကပဲ ပိုင်ဆိုင်သင့်ပြီး စီမံခန့်ခွဲခွင့်ကိုလည်း အဲဒီပြည်နယ်ကပဲ ရရှိသင့်တယ်ဆိုတဲ့အချက်တွေကို ထည့်သွင်းရေးသားထားတယ်လို့ ပြောပါတယ်။
ဒါ့အပြင် ဝင်ငွေခွဲဝေမှုကိုလည်း သက်ဆိုင်ရာပြည်နယ်က ၇၀ ရာခိုင်နှုန်းလောက်ရယူပြီး ကျန်တဲ့ ၃၀ ရာခိုင်နှုန်း ကိုပဲ ပြည်ထောင်စုအစိုးရကို ခွဲဝေပေးသင့်တယ်ဆိုတဲ့အချက်နဲ့ သဘာဝသယံဇာတတွေ ထုတ်ယူတဲ့အခါ မှာ ဒေသခံတွေရဲ့ သဘောတူညီချက်ကိုရယူရမယ်ဆိုတဲ့အချက်တွေကို အဓိကထားပြီး ထည့်သွင်းထားတယ်လို့ သိရပါတယ်။