ဧည့်စာရင်းမတိုင်ရင် ထောင်ဒဏ်သုံးနှစ် ချမှတ်မယ်လို့ ရပ်ကွက်တွေမှာ ခြိမ်းခြောက်နေ
2021.04.05

ဧည့်စာရင်း မတိုင်ကြားရင် ထောင်ဒဏ်သုံးနှစ်အထိ ကျခံရမယ်ဆိုပြီး ရန်ကုန်မြို့တွင်း ရပ်ကွက်တွေမှာ စစ်ကောင်စီက ခန့်အပ်ထားတဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေက လိုက်လံခြိမ်းခြောက်နေတယ်လို့ ရန်ကုန်မြို့ကဒေသခံတွေက ပြောပါတယ်။
ဧည့်စာရင်း မပျက်မကွက် တိုင်ကြားဖို့ "နောက်ဆုံးအကြိမ်" သတိပေးတာ ဆိုပြီး ရပ်ကွက်တွေထဲမှာ တစ်လမ်းဝင်တစ်လမ်းထွက် အသံချဲ့စက်နဲ့ လိုက်လံအော်ဟစ်နေတာလို့ ဆိုပါတယ်။
ဧည့်စာရင်း တိုင်ကြားရမယ့် ဥပဒေကို ဦးသန်းရွှေ စစ်အစိုးရလက်ထက်မှာ ကျင့်သုံးလာခဲ့ပြီး လူ့အခွင့်အရေး စံချိန်စံညွှန်းတွေနဲ့ မကိုက်ညီတာကြောင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အစိုးရ လက်ထက် ၂၀၁၆ ခုနှစ်မှာ ပယ်ဖျက်ထားတာပါ။
ဒါပေမဲ့ စစ်ကောင်စီက ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးနောက် ဒီဥပဒေကို ပြန်အသက်သွင်းခဲ့ပြီး မလိုက်နာရင် ဒဏ်ငွေတစ်သောင်း ဒါမှမဟုတ် ထောင်ဒဏ် ၇ ရက်အထိ ချမှတ်နိုင်တယ်လို့ ပြင်ဆင်ပြဌာန်းခဲ့ပါတယ်။
ရပ်ကွက် အုပ်ချုပ်ရေးမှူးတွေကိုလည်း စစ်ကောင်စီကို ထောက်ခံတဲ့သူတွေနဲ့ အစားထိုးခန့်အပ်ခဲ့ပြီး တာဝန်ကျေပွန်တဲ့ အုပ်ချုပ်ရေးမှူးတွေကို ဆုကြေးငွေ တလုံးတခဲ ချီးမြှင့်မယ်လို့လည်း ဧည့်စာရင်း ဥပဒေထဲမှာ ထည့်သွင်းပြဋ္ဌာန်းလိုက်ပါတယ်။
ဒီဥပဒေထဲမှာ ထောင်ဒဏ် ၇ ရက်လို့ ပြဌာန်းထားပေမယ့်လည်း ဘာကြောင့် ၃ နှစ်ကျခံရမယ်လို့ ဒီနေ့ည ကြေညာနေသလဲ ဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ ဒီလိုဧည့်စာရင်းတိုင်ကြားဖို့ ခြိမ်းခြောက်နေတာဟာ စစ်အာဏာ ဖီဆန်တဲ့သူတွေကို ဖမ်းဆီးနိုင်ဖို့ စစ်ကောင်စီက ပြင်ဆင်နေတာလို့ အွန်လိုင်းစာမျက်နှာတွေမှာ ဝေဖန်နေကြပါတယ်။
ဒီဥပဒေအရ အိမ်ထောင်စုစာရင်းဝင် မဟုတ်သူတွေဟာ ညအိပ်ညနေ အလည်သွားမယ်ဆိုရင် မဖြစ်မနေ ဧည့်စာရင်း တိုင်ကြားရတော့မှာ ဖြစ်ပါတယ်။
လက်ရှိဖြစ်ပေါ်နေတဲ့ စစ်အာဏာဖီဆန်ရေး လှုပ်ရှားမှုမှာ ပါဝင်နေကြသူတွေကို ညဘက်အချိန်တွေမှာ လိုက်ဖမ်းနေပြီး အမှုဖွင့် တရားစွဲဆိုတာတွေ ရှိနေပါတယ်။