မြန်မာအိမ်ဖော်အလုပ်သမား သစ်တွေ စင်ကာပူမျှော်လင့်နေဆဲ
စင်ကာပူနိုင်ငံကို အိမ်ဖော်အလုပ်နဲ့ သွားမယ့် အမျိုးသမီး ၅ဝဝ လောက် ကို မြန်မာအာဏာပိုင်တွေက တားမြစ် ထားတယ်လို့ စင်ကာပူအခြေစိုက် အလုပ်သမားရှာဖွေ စုဆောင်းရေး လုပ်ငန်းရှင်တွေက ပြောလိုက်ပါတယ်။
-
2015-06-06 -
-
-
စင်ကာပူနိုင်ငံကို အိမ်ဖော်အလုပ်နဲ့သွားမယ့် အမျိုးသမီး ၅ဝဝ လောက်ကို မြန်မာအာဏာပိုင်တွေက တားမြစ် ထားတယ်လို့ စင်ကာပူအခြေစိုက် အလုပ်သမားရှာဖွေစုဆောင်းရေး လုပ်ငန်းရှင်တွေက ပြောလိုက်ပါတယ်။
အိမ်ဖော်အလုပ်နဲ့သွားမယ့်သူတွေကို မနှစ်က စက်တင်ဘာလမှာစပြီး ၅ လတာ ပိတ်ထားမယ်လို့ မြန်မာအစိုးရ က ကြေညာခဲ့သလို၊ ဒီလိုဆောင်ရွက်တာဟာ စင်ကာပူမှာအိမ်ရှင်တွေက အိမ်ဖော်တွေကို နှိပ်စက်ညှင်းပမ်း တာတွေ ရှိတယ်ဆိုတဲ့အပေါ် စိုးရိမ်တဲ့အတွက် ပိတ်ပင်တာလို့ မြန်မာနိုင်ငံရဲ့ ပြည်ပအလုပ်အကိုင်ဝန်ဆောင်မှု လုပ်ငန်းရှင်များအဖွဲ့ချုပ် MOEAF က ပြောထားပါတယ်။
ဒါပေမယ့် အလုပ်သမားအေဂျင်စီတွေက ပြန်ပြီးခွင့်ပြုမယ့် အချိန်ကိုမျှော်လင့်ပြီး၊ အိမ်ဖော်လုပ်သား ရှာဖွေ စုဆောင်းတာကို ဆက်လက်လုပ်ကိုင်နေခဲ့ပေမယ့် သတ်မှတ်ထားတဲ့ကာလ ကျော်လာပေမယ့် ခွင့်ပြုချက်ပြန် မပေးသေးတာလို့ ပြောဆိုနေကြပါတယ်။ စင်ကာပူမှာ မနှစ်ကထိ အိမ်ဖော်အလုပ်လုပ်နေတဲ့ မြန်မာအမျိုးသမီး ၃ သောင်းဝန်းကျင်ရှိတယ်လို့ သိရပါတယ်။