မြန်မာအစိုးရ ဥပဒေ အကြံပေးတွေ စေလွှတ်နိုင်ကြောင်း ထိုင်းဝန်ကြီး ပြောကြား
2015.12.29

ထိုင်းနိုင်ငံမှာ ဒီကနေ့ ထုတ်ဝေတဲ့ The Nation သတင်းစာမှာဖေါ်ပြချက်အရ မြန်မာ ၂ ဦးကို သေဒဏ်ချမှတ်ခဲ့တဲ့ အမှုနဲ့ပတ်သက်ပြီး ထိုင်းနိုင်ငံခြားရေးဝန်ကြီး Don Pramudwinai က တရားခံတွေကို ကူညီဖို့အတွက် မြန်မာ အစိုးရအနေနဲ့ ဥပဒေအကြံပေးအရာရှိတွေ စေလွှတ်နိုင်ကြောင်း မြန်မာနိုင်ငံခြားရေးဝန်ကြီးကို ပြောဆိုခဲ့တယ်လို့ သိရှိရပါတယ်။
မြန်မာနိုင်ငံခြားရေးဝန်ကြီး က ထိုင်းနိုင်ငံရဲ့ တရားစီရင်ရေးစနစ်ကို သူနားလည်ပါကြောင်း၊ အခုစီရင်ချက်ဟာ အပြီးသတ်မဟုတ်ဘဲ အယူခံခွင့်ရှိတယ်ဆိုတာကိုလည်း သဘောပေါက်ကြောင်းနဲ့ ပြည်တွင်းမှာဖြစ်ပွားနေတဲ့ ဆန္ဒပြပွဲတွေကို ထိန်းသိမ်းဖို့ သူ့အနေနဲ့ တတ်စွမ်းသမျှကြိုးစားမယ်လို့ မနေ့က ပြောဆိုခဲ့ကြောင်းလည်း ထိုင်းသတင်းစာမှာ ဖေါ်ပြထားပါတယ်။
အခုလို မြန်မာပြည်မှာ ဆန္ဒပြပွဲတွေ ပေါ်ပေါက်နေတာနဲ့ ပတ်သက်ပြီး The Nation သတင်းစာက မေးမြန်း တာကို ဖြေကြားရာမှာတော့ ထိုင်းဝန်ကြီးက ဘယ်သူတစ်ဦးတစ်ယောက်ကမှ အခြေအနေတွေကို အသုံးချပြီး ဆူဆူပူပူဖြစ်အောင် လုပ်ဆောင်နေတယ်လို့ မိမိမထင်ကြောင်း ဒါပေမဲ့ ဆန္ဒပြပွဲတွေ နေရာအနှံ့ ပြန့်ပွားနေတာ ကတော့ ထူးဆန်းကြောင်းပြောပါတယ်။
ထိုင်းအမျိုးသားလုံခြုံရေးကောင်စီ အတွင်းရေးမှူးချုပ် ဗိုလ်ချုပ်ကြီး Netniyom ကလည်း အခုအမှုဟာ ပြီးပြတ်သေးတဲ့အမှုမဟုတ်ဘဲ တရားခံတွေအနေနဲ့ တရားရုံးချုပ်အထိ အယူခံခွင့် အဆင့်ဆင့်ရှိနေပါလျှက်နဲ့ ဘာကြောင့် မြန်မာတွေ ဆန္ဒပြနေကြတာလဲဆိုတာကို မိမိ နားမလည်နိုင်ကြောင်းပြောဆိုတယ်လို့ သိရပါတယ်။
ထိုင်းဝန်ကြီးချုပ် Prayut Chan O Cha ကတော့ မိမိတို့အစိုးရကို မြန်မာအစိုးရက ဖိအားပေးနေခြင်းမရှိဘဲ ဒီအမှုကို ဂရုတစိုက် ကိုင်တွယ်ဖြေရှင်းဖို့သာ တောင်းဆိုခဲ့တာဖြစ်ကြောင်းနဲ့ တဆက်တည်းမှာပဲ ထိုင်းတရားရုံးအနေနဲ့ သက်သေအထောက်အထားတွေ အပေါ်မူတည်ပြီး စီရင်ချက်ချခဲ့တာဖြစ်ကြောင်း ပြောကြားတယ်လို့ The Nation သတင်းစာမှာ ဖေါ်ပြထားပါတယ်။
မနေ့က ရရှိတဲ့ AP သတင်းတပုဒ်မှာတော့ မဘသ သံဃာတော်တွေ ဦးဆေင်တဲ့ ရန်ကုန်မြို့က ဆန္ဒပြပွဲမှာပါဝင်သူ ကိုနေမျိုးဝေ က ထိုင်းတရားရုံးဟာ ဥပဒေနဲ့ အညီ တရားမျှတစွာ လုပ်ဆောင်ခဲ့တယ်လို့ မိမိတို့ ယုံကြည်ခြင်း မရှိကြောင်း၊ ဒီအမှုကို ပြန်လည်သုံးသပ်ဖို့တောင်းဆိုကြောင်းနဲ့ မဘသ ဆရာတော် အရှင် ပါမောက ္ခကလည်း မြန်မာနိုင်ငံသား ၂ ဦးနဲ့ ပတ်သက်ပြီး အမှန်တရားပေါ်ပေါက်ရေးအတွက် မိမိတို့ တိုက်ပွဲဝင် မှာ ဖြစ်ကြောင်း ပြောကြားတယ်လို့ ဆိုပါတယ်။
ဒီအတောအတွင်း ရန်ကုန်မြို့ရှိ ထိုင်းသံရုံးက မြန်မာတွေလာရောက် ဆန္ဒပြမှုတွေကြောင့် သံရုံး အဝင်အထွက် ခက်ခဲနေတဲ့အတွက် ကောင်စစ်ဝန်ဌာနကို တစ်ပတ်လုံး ပိတ်ထားကြောင်း သိရပါတယ်။