အာဆီယံအထူးကိုယ်စားလှယ်နဲ့ ပူးပေါင်း ဆောင်ရွက်မယ်လို့ စစ်ကောင်စီကြေညာ

2022.01.29
အာဆီယံအထူးကိုယ်စားလှယ်နဲ့ ပူးပေါင်း ဆောင်ရွက်မယ်လို့ စစ်ကောင်စီကြေညာ အာဆီယံ အထူးကိုယ်စားလှယ် ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီး Prak Sokhun
Photo - MOFA Cambodia

အာဆီယံ အလှည့်ကျဥက္ကဌ ကမ္ဘောဒီးယားနိုင်ငံက ခန့်အပ်ထားတဲ့ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ အထူးကိုယ်စားလှယ်နဲ့ ပူးပေါင်းဆောင်ရွက်မယ်လို့ စစ်ကောင်စီက ဇန်နဝါရီလ ၂၉ ရက် ဒီကနေ့ ညပိုင်းမှာ ထုတ်ပြန်ကြေညာပါတယ်။

အာဆီယံ အထူးကိုယ်စားလှယ် ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီး Prak Sokhun ဟာ မြန်မာနိုင်ငံကို ပထမဆုံးခရီးစဉ် သွားရောက်ဖို့ ပြင်ဆင်နေပြီလို့ ကမ္ဘောဒီးယား အစိုးရက ဒီနေ့ ကြေညာလိုက်ပြီးတဲ့နောက် စစ်ကောင်စီဘက်ကလည်း ပူးပေါင်းဆောင်ရွက်မယ်လို့ ကြေညာတာဖြစ်ပါတယ်။

အထူးကိုယ်စားလှယ် Prak Sokhun ကို မြန်မာနိုင်ငံရဲ့ အခြေအနေပေါ်မူတည်ပြီး သက်ဆိုင်သူအားလုံးနဲ့ တွေ့ဆုံခွင့်ပေးမယ်လို့လည်း စစ်ကောင်စီဘက်ကပြောပါတယ်။ လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့လည်း တွေ့ဆုံခွင့် ပေးမယ်လို့ဆိုပါတယ်။

ဒီအထူးကိုယ်စားလှယ်ကို ဖမ်းဆီးခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်ပေး၊ မပေးဆိုတာကတော့ မသိရပါဘူး။

ဘရူနိုင်းနိုင်ငံက ခန့်အပ်ခဲ့တဲ့ အာဆီယံ အထူးကိုယ်စားလှယ်ဟောင်း Erywon Yusof လက်ထက်မှာတော့ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် သက်ဆိုင်သူတွေနဲ့ စစ်ကောင်စီက တွေ့ခွင့်မပေးတာကြောင့် မြန်မာနိုင်ငံကို လာခါနီးမှာ ခရီးစဉ် ပျက်ခဲ့ပါတယ်။

လက်ရှိအာဆီယံ အလှည့်ကျဥက္ကဋ္ဌ တာဝန်ယူထားတဲ့ ကမ္ဘောဒီးယားနဲ့ စစ်ကောင်စီတို့ကြား ဆက်ဆံရေးကောင်းမွန်နေတယ်လို့ လေ့လာသူတွေက သုံးသပ်ပါတယ်။

ကန့်ကွက်မှုတွေရှိနေတဲ့ ကြားက ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန် ဒီလအစောပိုင်းက မြန်မာပြည်ကို လာရောက်ခဲ့ပါတယ်။

မြန်မာအရေးနဲ့ ပတ်သက်ပြီး တိုးတက်မှုတွေကိုတင်ပြနိုင်မယ်ဆိုရင် အာဆီယံအစည်းအဝေးတွေကို လာတက်ရောက်ဖို့ ဟွန်ဆန်က စစ်ခေါင်းဆောင်ကို ဖိတ်ခေါ်ထားပါတယ်။

မြန်မာကို အကျပ်အတည်းကနေ ဘယ်လို ကူညီကယ်ထုတ် နိုင်မလဲ ဆိုတဲ့အပေါ် ဒေသတွင်းအာဆီယံနိုင်ငံတွေအကြား သဘောထားကွဲလွဲမှုတွေဖြစ်ပေါ်နေသလို ဆွေးနွေးငြင်းခုန်မှုတွေလည်း ရှိနေပါတယ်။

ပြီးခဲ့တဲ့နှစ် ဧပြီလတုန်းကတော့ မြန်မာ့အရေးဖြေရှင်းဖို့ အာဆီယံနိုင်ငံတွေအကြား သဘောတူညီချက် ငါးချက် ရရှိထားပါတယ်။

ပဋိပက္ခတွေကို သက်ဆိုင်သူတွေအားလုံးပါဝင်တဲ့ စေ့စပ်ဆွေးနွေးမှုတွေကနေ ဖြေရှင်းဖို့ အပါအဝင် ဒီသဘောတူညီချက်တွေကို အကောင် အထည်ဖော်ဖို့ အာဆီယံက စစ်တပ်ကို ဖိအားပေးနေကြတာ ဖြစ်ပါတယ်။
-

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။