အကျဉ်းသား ၄၉၀၀ ခန့် စစ်ကောင်စီ လွတ်ငြိမ်းခွင့်ပေး

RFA Burmese
2025.04.16
အကျဉ်းသား ၄၉၀၀ ခန့် စစ်ကောင်စီ လွတ်ငြိမ်းခွင့်ပေး ရန်ကုန်မြို့ အင်းစိန်အကျဉ်းထောင်ကို ၂၀၂၂ ခုနှစ် အောက်တိုဘာလ ၁၂ ရက်နေ့က တွေ့ရစဉ်။
RFA

စစ်ကောင်စီက မြန်မာနှစ်ဆန်းတစ်ရက် ဧပြီလ ၁၇ ရက်မှာ နိုင်ငံတစ်ဝန်းက အကျဉ်းထောင်တွေကနေ အကျဉ်းသူ၊ အကျဉ်းသား ၄၈၉၃ ဦးကို လွတ်ငြိမ်းခွင့်ပေးလိုက်တယ်လို့ ကြေညာပါတယ်။

စစ်ကောင်စီ အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး အောင်လင်းဒွေး လက်မှတ်ရေးထိုးထားတဲ့ အဲဒီကြေညာချက်မှာ နောက်တစ်ကြိမ်ပြစ်မှုထပ်မံကျူးလွန်ရင် လက်ရှိကျန်ရှိနေတဲ့ ပြစ်မှုတွေအတွက်ပါ တပါတည်း ထပ်မံကျခံရ မယ်ဆိုတဲ့ စည်းကမ်းသတ်မှတ်ချက်နဲ့ လွတ်ငြိမ်းခွင့်ပြုလိုက်တာလို့ ဖော်ပြထားပါတယ်။

အလားတူ နိုင်ငံခြားသား အကျဉ်းသူ၊ အကျဉ်းသား ၁၃ ဦးကိုလည်း ပြစ်ဒဏ်ကနေ လွတ်ငြိမ်းခွင့်ပြုလိုက်တယ်လို့ဆိုပါတယ်။

ဒါ့အပြင် ၂၀၂၅ ခုနှစ်၊ ဧပြီလ ၁၇ ရက်နေ့မတိုင်မီ လူသတ်မှု၊ မုဒိမ်းမှု၊ ပေါက်ကွဲစေတတ်တဲ့ ဝတ္ထုပစ္စည်းများ အက်ဥပဒေအရပြစ်မှုတွေ၊ မတရားအသင်းများအက်ဥပဒေအရပြစ်မှုတွေ၊ ၁၈၇၈ ခုနှစ် လက်နက်များ အက်ဥပဒေပုဒ်မ ၁၉(စ) အရပြစ်မှုတွေ၊ ၁၉၄၉ ခုနှစ် လက်နက် (အရေးပေါ်ပြစ်ဒဏ် စီရင်မှု)(ယာယီ) အက်ဥပဒေအရ ပြစ်မှုတွေ၊ ၁၉၅၁ ခုနှစ် လက်နက်(ယာယီပြင်ဆင်ချက်)အက်ဥပဒေ အရပြစ်မှုတွေ၊ ၁၉၂၄ ခုနှစ် ရှမ်းပြည်နယ်လက်နက်အမိန့်အရပြစ်မှုတွေ၊ ၂၀၂၃ ခုနှစ် လက်နက်ဥပဒေ အရပြစ်မှုတွေ၊ မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေတဲ့ ဆေးဝါးများဆိုင်ရာဥပဒေအရပြစ်မှုတွေ၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေအရ ပြစ်မှုတွေ၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေအရ ပြစ်မှုတွေနဲ့ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေအရပြစ်မှုတွေကလွဲလို့ ကျန်တဲ့ဥပဒေတွေနဲ့ ကျခံနေရတဲ့ပြစ်မှုတွေအတွက် ပြစ်ဒဏ်ခြောက်ပုံတစ်ပုံကို လွတ်ငြိမ်းသက်သာခွင့်ပြုလိုက်တယ်လို့လည်း စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။

မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရအဖွဲ့ဝင်တွေကို စစ်ကောင်စီက အဂတိမှု၊ သဘာဝဘေးစီမံမှုတွေနဲ့ပါ ပူးတွဲပြစ်ဒဏ်ချမှတ်ထားသလို စစ်ကောင်စီကို ဆန့်ကျင်တဲ့သူတွေကိုလည်း အကြမ်းဖက်ပုဒ်မတွေနဲ့ ပူးတွဲပြစ်ဒဏ်ချမှတ်ထားတာပါ။

ကနဦးတွေ့ရှိချက်တွေအရ စစ်ကောင်စီရဲ့ ဒီနေ့လွတ်ငြိမ်းသက်သာခွင့်အမိန့်မှာ နိုင်ငံရေးအကျဉ်းသားပါဝင်မှု အတော်နည်းပြီး အချို့အကျဉ်းထောင်တွေမှာဆိုရင် ပြန်လွတ်လာမဲ့အထဲ နိုင်ငံရေးအကျဉ်းသားတွေ လုံးဝမပါဘူးလို့လည်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM) က ဒီနေ့မနက်က ထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။