မြန်မာသတင်းသမား‌တွေ အဆိုးဝါးဆုံး အခြေအနေနဲ့ ရင်ဆိုင်နေရ

ရန်ကုန်မြို့က ဓာတ်ပုံသတင်းထောက် ကိုစိုးနိုင်ဟာ စစ်ကောင်စီရဲ့ စစ်ကြောရေး စခန်းမှာ မနေ့က ကွယ်လွန်သွားပါတယ်။ ဒါဟာ အာဏာသိမ်း ၁၀ လကျော် ကာလ အတွင်း မြန်မာသတင်းသမားတွေအတွက် အဆိုးဝါးဆုံး အခြေအနေ တစ်ရပ်ကို ရောက်ရှိလာတာလို့လည်း ပြည်တွင်း သတင်းသမားတွေက ပြောကြပါတယ်။

စစ်ကြောရေးမှာ သေဆုံးသွားတဲ့ ဓာတ်ပုံသတင်းထောက် ကိုစိုးနိုင်ကို တွေ့ရစဉ် Photo: CJ

ရန်ကုန်မြို့မှာ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၀ ရက်နေ့က စစ်ကောင်စီရဲ့ ကင်းလှည့်ယာဉ်အဖွဲ့က ဖမ်းဆီးခေါ်ဆောင် သွားတဲ့ အလွတ်ဓာတ်ပုံသတင်းသမား နှစ်ဦးထဲက အသက် ၃၀ ကျော် အရွယ် ကိုစိုးနိုင်ဟာ ဒီဇင်ဘာ ၁၄ ရက် မနေ့က စစ်ကြောရေးမှာ သေဆုံးသွားတဲ့အကြောင်း မိသားစုနဲ့ နီးစပ်သူတွေက RFA ကို ပြောပါတယ်။

ကိုစိုးနိုင်ဟာ လသာမြို့နယ်ထဲက တရုတ်ဘုံကျောင်းဘေးမှာ ပြည်သူတွေ လမ်းပေါ်မထွက်ဘဲ ပြုလုပ်နေတဲ့ အသံတိတ်သပိတ် မြင်ကွင်းကို ဓာတ်ပုံရိုက်ကူးနေစဉ် စစ်ကောင်စီတပ်သားတွေက လသာရဲစခန်းကို ကနဦး ဖမ်းဆီးခေါ်ဆောင်သွားတာ ဖြစ်ပါတယ်။

စစ်ကောင်စီ လုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့ နီးစပ်သူ တစ်ဦးကတော့ ကိုစိုးနိုင်ကို ရဲစခန်းကနေ စစ်တပ် စစ်ကြောရေး စခန်းကို ဆက်လက်ခေါ်ဆောင်ပြီး စစ်ဆေးရာမှာ သေဆုံးတာ ဖြစ်ကြောင်းနဲ့ သူ့ရဲ့ ရုပ်အလောင်းကို မင်္ဂလာဒုံ စစ်ဆေးရုံကို ပို့ဆောင်ခဲ့ကြောင်း RFA ကိုပြောပါတယ်။

အာဏာသိမ်းထားတဲ့ ၁၀ လကျော် ကာလအတွင်းမှာ သတင်းသမားတွေကို ဖမ်းဆီး ထောင်ချတာတွေ ရှိပေမယ့် စစ်ကြောရေးမှာ သေဆုံးတဲ့ဖြစ်ရပ်ကတော့ ပထမဆုံးဖြစ်တယ်လို့ လုံခြုံရေးကြောင့် အမည် မဖော်လိုတဲ့ ဓာတ်ပုံသတင်းထောက် တစ်ဦးက ပြောပါတယ်။

"ဒီတရားမဲ့ လက်လွတ် လုပ်ခဲ့တာတွေ၊ လုပ်ထားတာတွေကို မှတ်တမ်းအနေနဲ့ သက်သေ အထောက် အထားနဲ့ ပေးနိုင်တာက သတင်းဓာတ်ပုံသမားတွေ ဗီဒီယိုသမားတွေပေါ့နော်၊ Journalist တွေပေါ့၊ အရင်တည်းကလည်း ဘယ်တုန်းကမှ ညှာညှာတာတာ မဆက်ဆံခဲ့ဘူး။ ဘာမှ အထောက်အထား မရှိဘဲ ကင်မရာ ကိုင်ထားရုံနဲ့ ထောင်တွေ အကြာကြီးချထားခဲ့တယ်။ အခုကတော့ အခြေအနေက ပိုဆိုးလာတာ ပေါ့။ ခေါ်သွားတယ် ခေါ်သွားပြီးတော့ သတင်းဓာတ်ပုံသမားမှန်း သိလို့ သတ်ပစ်တယ်ဆိုတဲ့ အနေအထား မျိုး ရှိတယ်လို့ အကိုတို့ ယူဆတယ်"

အာဏာသိမ်း စစ်ကောင်စီက သတင်းသမားတွေအပေါ် တစ်ဆင့်ပြီးတစ်ဆင့် ခြိမ်းခြောက်မှုတွေ ရှိလာတဲ့ အပေါ် နိုင်ငံတကာ အဖွဲ့အစည်းတွေကလည်း သတင်းသမားတွေအပေါ် ကာကွယ်ပေးရေး တောင်းဆိုကြဖို့ လိုတယ်လို့လည်း သူကပြောပါတယ်။

ကိုစိုးနိုင် သေဆုံးမှုနဲ့ ပတ်သက်လို့ သူ့ရဲ့ မိတ်ဆွေတွေက ဖေ့စ်ဘွတ်မှာ ရေးသားမှုတွေကို ပြန်လည်ဖြုတ်ချ ပေးဖို့ မိသားစုဝင်တွေက တောင်းဆိုခဲ့သလို ကိုစိုးနိုင် သေဆုံးမှု အခြေအနေကို သတင်းမီဒီယာတွေက မေးမြန်းမှုတွေအပေါ် တစ်စုံတစ်ရာ တုံ့ပြန်ဖြေကြားတာလည်း မရှိပါဘူး။ ဒါဟာ မိသားစုဝင်တွေအပေါ် စစ်ကောင်စီရဲ့ ဖိအားပေးမှုကြောင့် ဖြစ်နိုင်တယ်လို့ ကိုစိုးနိုင်ရဲ့ မိတ်ဆွေတချို့က မှတ်ချက်ပြုပါတယ်။

"သူတို့ရဲ့ စိတ်အခံကိုက သတင်းသမားတွေကို မုန်းတီးနေတာပါ"

အာဏာသိမ်း စစ်ကောင်စီ တပ်သားတွေဟာ စစ်ကြောရေး စခန်းတွေကို ရောက်ရှိလာတဲ့ သတင်းသမား တွေကို ပိုပြီး နှိပ်စက်မေးမြန်းတာတွေ လုပ်လေ့ရှိတယ်လို့ ကိုယ်တိုင် ကြုံခဲ့ရတဲ့ ဒီမိုကရက်တစ် မြန်မာ့အသံ က (DVB) သတင်းထောက် ကိုအောင်ကျော်က ပြောပါတယ်။

"စစ်ကြောရေးမှာ ဘယ်လို နှိပ်စက်သလဲဆိုရင် သတင်းတွေ ထိုင်ဖတ်တယ် ကြည့်တယ် ဘယ်သတင်းဌာန ကပဲရေးရေး သူတို့သဘောမကျတဲ့ သတင်းတွေဆိုရင် ကျနော့်ကို နှိပ်စက်တယ်၊ ရိုက်တယ်၊ စစ်ဖိနပ်နဲ့ ဆောင့်ကန်တယ်၊ သူတို့က ရန်သူလို သဘောထားတာ သတင်းသမားကို သတင်းတစ်ခု တက်လာရင် မင်းတို့ သတင်းသမားတွေ ဒီလို ရေးထားတယ်ဆိုပြီး ကျနော်နဲ့ မဆိုင်လည်း နှိပ်စက်တယ်။ သူတို့ရဲ့ စိတ် အခံကိုက သတင်းသမားတွေကို မုန်းတီးနေတာပါ"

သတင်းထောက် ကိုအောင်ကျော်ဟာ ရာဇသတ်ကြီး ဥပဒေပုဒ်မ - ၅၀၅ (က) နဲ့ တရားစွဲဆိုခံရပြီးနောက် ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၈ ရက်နေ့က လွတ်ငြိမ်းသက်သာခွင့်နဲ့ ပြန်လွတ်လာသူ ဖြစ်ပါတယ်။

ဓာတ်ပုံသတင်းထောက် ကိုစိုးနိုင် စစ်ကြောရေးမှာ သေဆုံးသွားတဲ့ ကိစ္စနဲ့ ပတ်သက်လို့ မေးမြန်းနိုင်ဖို့ စစ်ကောင်စီ ပြောခွင့်ရသူ ပြန်ကြားရေးဒုဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဒီနေ့ ဖုန်းနဲ့ အကြိမ်ကြိမ် ဆက်သွယ်ခဲ့ပေမယ့် အကြောင်းမပြန်ပါဘူး။

(ရန်ကုန်မြို့၊ မြေနီကုန်းမှာ ၂၀၂၁၊ ဖေဖော်ဝါရီ ၂၇ ရက်နေ့က စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြနေကြတာကို သတင်းယူနေသူတွေကို တွေ့ရစဉ်) Photo: RFA

RFA က လက်လှမ်းမီသလောက် ပြုစုထားတဲ့ စာရင်းတွေအရ မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီး နောက် ဖမ်းဆီးခံရပြီး ရက်ပိုင်းအတွင်း စစ်ကြောရေးမှာ သေဆုံးခဲ့ရတဲ့ အပြစ်မဲ့ပြည်သူ ၉၀ ဦးရှိပေမယ့် သတင်းမီဒီယာသမား ထဲမှာတော့ ကိုစိုးနိုင်က ပထမဆုံး ဖြစ်လာပါတယ်။

သတင်းမီဒီယာကောင်စီ အဖွဲ့ဝင်ဟောင်း ဦးမြင့်ကျော်ကတော့ အာဏာသိမ်း စစ်ကောင်စီက သတင်းသမား တစ်ဦးကို အသက်သေဆုံးတဲ့အထိ စစ်ဆေးမေးမြန်းတဲ့ လုပ်ရပ်ကို လက်မခံနိုင်ကြောင်း ပြောပါတယ်။

"ဆန္ဒပြတဲ့သတင်းတွေ လှုပ်ရှားမှု သတင်းတွေကိုတော့ ဖော်ပြနေတဲ့ သတင်းသမားတွေကို ကျေနပ်မှု မရှိနေတာ သေချာတယ်၊ ဒီလိုမျိုး စစ်ကြောရေးမှာ အသက်သေဆုံးတဲ့အထိ နှိပ်စက်ရတဲ့အကြောင်းက ဘယ်ရှုထောင့်က စဉ်းစားစဉ်းစား လက်ခံနိုင်စရာ အကြောင်းမရှိဘူးလို့ ကျနော်တို့ ယူဆတယ်၊ ဒီ သတင်းသမား သေဆုံးမှုက သတင်းသမားမို့ ပြောတာမဟုတ်ဘူး အပြစ်မရှိတဲ့ အရပ်သားတွေရော အရှေ့မှာသေဆုံးတာ အများကြီးရှိပါတယ်။ သို့သော်လည်း ဒီသတင်းသမား သေဆုံးမှုက လူတစ်ဦး တစ်ယောက် သေဆုံးမှုနဲ့အတူ သတင်းလွတ်လပ်ခွင့် သေဆုံးတဲ့ သဘောလည်း သက်ရောက်တဲ့အတွက် ဒီဟာနဲ့ပတ်သက်လို့ လုံလောက်တဲ့ တုံ့ပြန်ဖြေရှင်းမှု တာဝန်ယူမှု တာဝန်ခံမှု ရှိဖို့တော့ ကျနော်ကတော့ တောင်းဆိုချင်ပါတယ်"

RFAက ပြုစုထားတဲ့ စာရင်းတွေအရ အာဏာသိမ်းပြီး နောက်ပိုင်း သတင်းမီဒီယာသမား ၁၁၀ အထိ ဖမ်းဆီးခံ ထားရပြီး ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၈ ရက်နေ့က လွတ်ငြမ်းချမ်းသာခွင့်နဲ့ ပြန်လွတ်ခဲ့ကြပေမယ့် အကျဉ်းထောင် အသီးသီးမှာ သတင်းသမား ၅၃ ဦး ဖမ်ဆီးခံထားရဆဲ ဖြစ်ပါတယ်။

နယ်စည်းမခြား သတင်းထောက်များအသင်း (RSF) က မြန်မာနိုင်ငံအတွင်း သတင်းယူနေတဲ့ သတင်းထောက် တွေ အပေါ် အကြမ်းဖက်မှုလုပ်ရပ်တွေ မြင့်တက်နေမှုအပေါ် ရှုတ်ချဖို့နဲ့ နိုင်ငံကိုအုပ်ချုပ်နေသည့် စစ်ဗိုလ်ချုပ် တွေအပေါ် ပစ်မှတ်ထား ပိတ်ဆို့အရေးယူမှုတွေ ဆောင်ရွက်ဖို့ကို နိုင်ငံတကာ အသိုင်းအဝိုင်းကို မနေ့က ထုတ်ပြန် တောင်းဆိုထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org