လူကုန်ကူးခံရသူ မြန်မာ ၆ ဦးကို ထိုင်းရဲတပ်ဖွဲ့ကယ်ဆယ်

ထိုင်းနိုင်ငံ ဘန်ကောက်မြို့အနီးက နာနတ်သီးစက်ရုံမှာ လူကုန်ကူးခံထား ရတဲ့ မြန်မာနိုင်ငံသား ၆ ယောက်ကို ထိုင်းအစိုးရ လူကုန်ကူးမှုတိုက်ဖျက်ရေး အထူးရဲတပ်ဖွဲ့နဲ့ မြန်မာအလုပ်သမားအရေး ကူညီသူတွေ ပူးပေါင်းပြီး ဒီကနေ့မနက်ပိုင်းက ကယ်တင်နိုင်ခဲ့သလို လူပွဲစား မြန် မာနိုင်ငံသား ဇနီးမောင်နှံကိုလည်း ဖမ်းဆီးနိုင်ခဲ့တယ်လို့ သိရပါတယ်။

ထိုင်းနိုင်ငံ ဘန်ကောက်မြို့အနီးက နာနတ်သီးစက်ရုံမှာ လူကုန်ကူးခံထားရတဲ့ မြန်မာနိုင်ငံသား ၆ ယောက်ကို ထိုင်းအစိုးရ လူကုန်ကူးမှုတိုက်ဖျက်ရေး အထူးရဲတပ်ဖွဲ့နဲ့ မြန်မာအလုပ်သမားအရေး ကူညီသူတွေ ပူးပေါင်းပြီး ဒီကနေ့မနက်ပိုင်းက ကယ်တင်နိုင်ခဲ့သလို လူပွဲစား မြန်မာနိုင်ငံသား ဇနီးမောင်နှံကိုလည်း ဖမ်းဆီးနိုင်ခဲ့တယ်လို့ သိရပါတယ်။

လူပွဲစားဇနီးမောင်နှံဟာ ဘန်ကောက်မြို့နဲ့ ကီလိုမီတာ ၁၂၀ ကျော်ဝေးတဲ့ ကန်ချနပူရီခရိုင် ထာ့မကာမြို့နယ် အတွင်းက VITA နာနတ်သီးစက်ရုံမှာ အလုပ်လုပ်ကိုင်ဖို့ဆိုပြီး မြန်မာနိုင်ငံသား ၁၃ ယောက်ကို ထိုင်းနိုင်ငံကို လာရောက်လည်ပတ်တဲ့ အလည်ဗီဇာနဲ့ မြန်မာနိုင်ငံကနေ ပြီးခဲ့တဲ့ တစ်လကျော်က ခေါ်လာခဲ့တယ်လို့ သိရပါတယ်။

ထိုင်းနိုင်ငံမှာတစ်လကျော် နေထိုင်အလုပ်လုပ်ကိုင်ခဲ့ရပြီးနောက် ထိုင်းနိုင်ငံတွင်း အဖမ်းအဆီးတွေကြောင့် ထွက်ပြေးနေကြရတဲ့အတွက် မြန်မာအလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေသူတွေကို တိုင်ကြားခဲ့ရာက ဒီကနေ့မနက်မှာ လွတ်မြောက်လာခဲ့တာဖြစ်တယ်လို့ လွတ်မြောက်လာသူ ပုဂံမြို့နယ်မှာနေထိုင်တဲ့ ကိုဌေးနိုင်က ပြောပါတယ်။

လွတ်မြောက်လာသူတွေထဲမှာ ရွှေဘိုမြို့နယ်မှာနေထိုင်ကြတဲ့ အသက် ၂၄ နှစ်အရွယ် မောင်မျိုးကိုကို၊ အသက် ၂၁ နှစ်အရွယ် မောင်ဝေနိုင်ထွန်း၊ အသက် ၂၂ နှစ်အရွယ် မောင်နေမျိုးသူ၊ အသက် ၂၁ နှစ်အရွယ် ဇော်ရှိန်၊ အသက် ၂၂ နှစ်အရွယ် မောင်ဝေထွန်းနဲ့ ပုဂံမြို့နယ်မှာနေထိုင်တဲ့ အသက် ၄၀ အရွယ် ကိုဌေးနိုင်တို့ ဖြစ်ကြပါတယ်။

လူကုန်ကူးခံရသူတွေကို ကယ်တင်နိုင်ဖို့အတွက် ထိုင်းနိုင်ငံ ဖန်ငခရိုင်အခြေစိုက် ပညာရေးနဲ့ဖွံ့ဖြိုးရေး ဖောင်ဒေးရှင်း FED အဖွဲ့၊ ဘန်ကောက်အခြေစိုက် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ MAT ကတာဝန်ရှိသူတွေ နဲ့ မြန်မာသံရုံးက အလုပ်သမားရေးရာသံအရာရှိ ဦးသိန်းနိုင်တို့ ပူးပေါင်းပါဝင်ပြီး ထိုင်းအစိုးရ လူကုန်ကူးမှု တိုက်ဖျက်ရေးအထူးရဲတပ်ဖွဲ့ AHTD က တာဝန်ရှိသူတွေနဲ့အတူ ဖမ်းဆီးကယ်တင်နိုင်ခဲ့တာ ဖြစ်တယ်လို့လည်း သိရပါတယ်။

ကယ်တင်လိုက်တဲ့ မြန်မာနိုင်ငံသားတွေကိုတော့ မြန်မာသံရုံးကတာဝန်ရှိသူတွေက စုံစမ်းမေးမြန်းမှုတွေလုပ်ပြီး ရင် မြန်မာနိုင်ငံကို ပြန်နိုင်ဖို့အတွက် စီစဉ်ပေးသွားမှာဖြစ်တယ်လို့လည်း သိရပါတယ်။

RFA သတင်းထောက် ဦးအောင်မိုးမြင့် သတင်းပေးပို့တာကိုလည်း နားဆင်နိုင်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org