မြန်မာနဲ့ ထိုင်ဝမ်က ထိုင်းနိုင်ငံမှာ ကွန်ဒိုဝယ်ယူမှု အများဆုံးဖြစ်လာ
2025.03.02

ထိုင်းနိုင်ငံမှာ ၂ဝ၂၄ ခုနှစ်အတွင်း ကွန်ဒိုဝယ်ယူမှုအများဆုံး ဆယ်နိုင်ငံထဲ မြန်မာနဲ့ထိုင်ဝမ်က ထိပ်ဆုံးမှာရှိနေကြောင်း The Nation သတင်းမှာ မတ်လ ၁ ရက်နေ့က ဖော်ပြပါတယ်။
ထိုင်းအိမ်ခြံမြေသတင်းအချက်အလက်စင်တာ (REIC) ရဲ့ စာရင်းကို ကိုးကားဖော်ပြတာဖြစ်ပြီး စျေးကွက်ဝယ်လိုအားက ပြီးခဲ့တဲ့နှစ်နှစ်ကထက် ကျဆင်းသွားပေမဲ့လည်း မြန်မာနဲ့ထိုင်ဝမ်နိုင်ငံသားတွေရဲ့ တိုက်ခန်းဝယ်ယူမှုကတော့ ပိုများလာခဲ့တယ်လို့ ဆိုပါတယ်။
၂၀၂၄ ခုနှစ်အတွင်း ထိုင်းဘတ်ငွေ စုစုပေါင်း ၇ ဘီလီယံကျော် တန်ဖိုးရှိတဲ့ ကွန်ဒိုတိုက်ခန်းပေါင်း ၁၃၈၈ ခန်းကို မြန်မာနိုင်ငံသားတွေက ဝယ်ယူခဲ့ကြောင်း သတင်းမှာ ဖော်ပြပါတယ်။ ဒီပမာဏဟာ မြန်မာဘက်က ဝယ်ယူမှု ၁၄၆ဒသမ ၁ ရာခိုင်နှုန်း မြင့်တက်လာတာဖြစ်တယ်လို့လည်း ဆိုပါတယ်။
ပြီးခဲ့တဲ့နှစ်အတွင်း နိုင်ငံခြားသားတွေက ကွန်ဒိုတိုက်ခန်းပေါင်း ၁၄၅၇၃ ခန်း ဝယ်ယူခဲ့ကြပြီး ထိုင်းဘတ်ငွေ ၄ ဒသမ ၇ သန်း တန်ဖိုးရှိတဲ့ တိုက်ခန်းတွေကို အဝယ်များခဲ့တယ်လို့ဆိုပါတယ်။ အရင်က ဝယ်ယူမှုများခဲ့တဲ့ တရုတ်နဲ့ ရုရှားဘက်က ဝယ်လိုအား သိသိသာသာကျသွားခဲ့တယ်လို့လည်း သတင်းမှာ ပါရှိပါတယ်။
၂ဝ၂၅ ခုနှစ်မှာတော့ ထိုင်းကွန်ဒိုစျေးကွက် တည်ငြိမ်တာ ဒါမှမဟုတ် ဝယ်လိုအား အနည်းငယ်မြင့်တက်လာနိုင်မယ်လို့ မျှော်လင့်ရကြောင်းနဲ့ တရုတ်၊ မြန်မာ၊ ရုရှားနဲ့ ထိုင်ဝမ်က ဝယ်သူတွေက စျေးကွက်ကို ဆက်လက်ဦးဆောင်နိုင်ဖွယ်ရှိတယ်လို့လည်း ခန့်မှန်းထားပါတယ်။
နိုင်ငံခြားသားတွေ ကွန်ဒိုတိုက်ခန်းဝယ်ယူမှု အများဆုံးနေရာကတော့ ဘန်ကောက်ဖြစ်ပြီး ဒုတိယအများဆုံးကတော့ ချွန်ဘူရီဖြစ်တယ်လို့ ဘန်ကောက်ပို့စ်သတင်းမှာ ဇန်နဝါရီ ၁၀ ရက်နေ့က ဖော်ပြထားပါတယ်။