တရုတ်နဲ့ မြန်မာ အင်တာနက်လွတ်လပ်ခွင့် အဆိုးဝါးဆုံးနိုင်ငံတွေအဖြစ် ပူးတွဲစံချိန်တင်

Freedom House သတင်းလွတ်လပ်ခွင့်အဖွဲ့က နိုင်ငံပေါင်း ၇၂ နိုင်ငံကို စစ်တမ်းကောက်ယူပြီး ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားတာပါ။

မိုဘိုင်းဖုန်း သုံးစွဲနေသူတစ်ဦးအား တွေ့ရစဉ်။

ကမ္ဘာမှာ မြန်မာနဲ့ တရုတ်နိုင်ငံဟာ အင်တာနက်လွတ်လပ်ခွင့် အဆိုးဝါးဆုံး နိုင်ငံတွေအဖြစ် ပူးတွဲစံချိန်တင်သွားပါတယ်။

အမေရိကန်အခြေစိုက် Freedom House သတင်းလွတ်လပ်ခွင့်အဖွဲ့က နိုင်ငံပေါင်း ၇၂ နိုင်ငံကို စစ်တမ်းကောက်ယူပြီး အောက်တိုဘာ ၁၆ ရက်နေ့မှာ ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားတာဖြစ်ပါတယ်။

အင်တာနက်အသုံးပြုသူတွေက စစ်ကောင်စီ ကန့်သတ်ပိတ်ဆို့တာတွေကို ကျော်လွှားနိုင်ဖို့ ကွန်ရက်အတု VPN ဆော့ဖ်ဝဲသုံးတာကိုလည်း စစ်ကောင်စီက မေလမှာ ကန့်သတ်လိုက်တယ်လို့ ထောက်ပြထားပါတယ်။

ကမ္ဘာ့အင်တာနက်လွတ်လပ်ခွင့်က ၁၄ နှစ်ဆက်တိုက် ကျဆင်းနေပြီး စစ်ကောင်စီနဲ့ ဆက်ဆံရေးကောင်းတဲ့ တရုတ်နိုင်ငံဟာ ဆယ်စုနှစ်တွေအတွင်း ပထမဆုံးအကြိမ် မြန်မာနဲ့အတူ အင်တာနက် လွတ်လပ်ခွင့်မရှိဆုံး နိုင်ငံစာရင်းဝင်တာလို့လည်း ဖော်ပြပါတယ်။

ဒီမိုကရေစီအတွေ့အကြုံ ဆယ်နှစ်လောက်ရှိတဲ့ မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးချိန်ကစလို့ အတိုက်အခံတွေကို ပြင်းပြင်းထန်ထန်နှိမ်နင်းနေရုံမက အွန်လိုင်းကနေ လွတ်လွတ်လပ်လပ် ရေးသားတာတွေကို ထောက်လှမ်းနေပြီး စနစ်တကျ ပိတ်ဆို့ဖြတ်တောက် တင်းကျပ်နေတာလည်း ဖြစ်ပါတယ်။ ဒီအစီရင်ခံစာနဲ့ပတ်သက်ပြီး စစ်ကောင်စီ ပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ပေမဲ့ ဖုန်းမဖြေပါဘူး။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရှိသူ Mao Ning ကတော့ အောက်တိုဘာလ ၁၆ ရက်နေ့က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ အစီရင်ခံစာနဲ့ပတ်သက်ပြီး မေးမြန်းချက်ကို ပြန်ဖြေရာမှာတော့ ဒီအစီရင်ခံစာက အခြေအမြစ်မရှိဘဲ ယုတ်ညံ့တဲ့ရည်ရွယ်ချက်နဲ့ လုပ်ထားတာဖြစ်တယ်လို့ ပြောခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org