ဒုဗိုလ်ချုပ်ကြီး မြထွန်းဦး အပါအဝင် ၈ ဦးကို ရာထူးတိုးမြှင့်
2016.08.26

ဒုတိယဗိုလ်ချုပ်ကြီး မြထွန်းဦး အပါအဝင် တပ်မတော်အရာရှိကြီး ၈ ဦးကို တပ်မတော် ထိပ်တန်းရာထူးတွေကို တိုးမြှင့်ခန့်ထားလိုက်ကြောင်း ကာကွယ်ရေးဦးစီးချုပ်ရုံးက ဒီကနေ့ သတင်း ထုတ်ပြန်လိုက်ပါတယ်။
ကာကွယ်ရေး ဦးစီးချုပ်ရုံး အရာရှိကြီးတစ်ဦးဖြစ်တဲ့ ဒုတိယဗိုလ်ချုပ်ကြီး မြထွန်းဦးကို တပ်ရဲ့ နံပတ် ၄ ထိပ်တန်းရာထူးဖြစ်တဲ့ ကြည်းရေလေ ညှိနှိုင်းကွပ်ကဲရေးမှူး ဗိုလ်ချုပ်ကြီးရာထူးကို တိုးမြှင့်ခန့်ထားလိုက် တာ ဖြစ်ပါတယ်။
ဗိုလ်ချုပ်ကြီးမြထွန်းဦးဟာ ပြီးခဲ့တဲ့လပိုင်းက ရန်ကုန်တိုင်းစစ်ဌာချုပ်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲကို တပ်မတော်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကိုယ်စား ဦးဆောင်ကျင်းပခဲ့သူ ဖြစ်သလို၊ မကြာသေးခင်က ဒေါ်အောင်ဆန်းစုကြည်နဲ့ ငြိမ်းချမ်းရေး ဆွေးနွေးရာမှာလည်း တပ်မတော်ကိုယ်စားလှယ်အဖြစ် ပါဝင်ခဲ့သူ ဖြစ်ပါတယ်။ သူဟာ စစ်စည်းကမ်းပြည့်ဝတဲ့ စစ်ဆင်ရေးမှူးတစ်ဦး ဖြစ်သလို နိုင်ငံတကာဆက်ဆံရေး နဲ့ ဒေသတွင်းနိုင်ငံရေးကို ကျွမ်းကျင်သူ၊ ခက်ခဲတဲ့ နိုင်ငံရေး အကူးအပြောင်းကိုလည်း လိမ္မာပါးနပ်စွာ ကိုင်တွယ်နိုင်သူတစ်ဦးအဖြစ် အနောက်နိုင်ငံ စစ်သံမှူးတွေက ရှုမြင်သုံးသပ်ကြတယ်လို့ ဒီကနေ့ ရိုက်တာသတင်းမှာ ရေးသားဖော်ပြထားပါတယ်။