မြိုင်မှာ စစ်ကြောင်းထိုးနေလို့ ဒေသခံ တစ်သောင်းခန့် ထွက်ပြေးနေရ

မြိုင်မြို့နယ် ပခုက္ကူ-မြိုင် ကားလမ်းတစ်လျှောက်က ရွာတွေကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးနေတာကြောင့် ရွာဆယ်ရွာထက်မနည်းက ဒေသခံ တစ်သောင်းခန့် ထွက်ပြေးနေရပါတယ်။

မြိုင်မြို့နယ်တောင်ပိုင်းမှ စစ်ဘေးဒုက္ခသည်များအား ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၂၃ ရက်နေ့က တွေ့ရစဥ်။ Facebook/ We Love Myaing

မကွေးတိုင်း မြိုင်မြို့နယ် ပခုက္ကူ-မြိုင် ကားလမ်းတစ်လျှောက်က ရွာတွေကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးနေတာကြောင့် ရွာဆယ်ရွာထက်မနည်းက ဒေသခံ တစ်သောင်းခန့် ထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ဇန်နဝါရီ ၉ ရက်နေ့မှာ ပြောပါတယ်။

မကြီးစု၊ ကျောက်ဆောက်၊ တောင်ရွာ၊ ရွာသစ်၊ စဘေ၊ ထန်းငယ်တော စတဲ့ ရွာတွေက ဒေသခံတွေ တိမ်းရှောင်နေရတာလို့ စစ်ဘေးဒုက္ခသည်အရေး ကူညီပေးနေသူတစ်ဦးက RFA ကို ပြောပါတယ်။

“သူတို့လမ်းဘေးတစ်လျှောက် ရွာတွေကို သူတို့ ဝင်မွှေတာပေါ့။ လမ်းဘေးက ရွာတွေရော၊ မြိုင်မြို့ပတ်ပတ်လည်က ရွာတွေရောဆို ရှောင်နေရတဲ့ရွာတွေ များတယ်ဗျ”

စစ်ဘေးဒုက္ခသည်တွေဟာ နေရာကျယ်ဝန်းတဲ့ ဘုန်းကြီးကျောင်းတွေမှာ နေထိုင်ကြသလို စိုက်ခင်းနဲ့ တောတောင်တွေထဲ တိမ်းရှောင်ကြတာလည်း ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

လက်ရှိမှာ ပဲစဥ်းငုံနဲ့ မြေပဲ ရိတ်သိမ်းချိန်ဖြစ်ပေမဲ့ အိုးအိမ်စွန်ခွာပြီး ထွက်ပြေးရတာ ဖြစ်တာကြောင့် စိုက်ပျိုးရေး လုပ်ငန်းခွင်ဝင်ဖို့လည်း အခက်အခဲဖြစ်နေတယ်လို့ ဆိုပါတယ်။

ဇန်နဝါရီ ၆ ရက်နေ့ကတည်း စစ်ကြောင်းထိုးလာတဲ့ ကား ၃၂ စီး၊ အင်အားနှစ်ရာခန့်ရှိတဲ့ အဲဒီစစ်ကြောင်းဟာ ဇန်နဝါရီ ၉ ရက် ဒီနေ့မှာတော့ မြိုင်မြို့ရဲ့အရှေ့ဘက် ခုနစ်မိုင်ခန့်ဝေးတဲ့ စဘေရွာအနီးကို ရောက်နေပြီလို့ ဒေသခံတွေက ပြောပါတယ်။

မြိုင်ဒေသခံတွေရဲ့ ကားတွေကို စစ်ကောင်စီတပ်က ဖမ်းဆီးပြီး စားနပ်ရိက္ခာနဲ့ လက်နက်ခဲယမ်းတွေကို မြိုင်မြို့ပေါ်အထိ ရောက်ရှိအောင် သယ်ဆောင်နေတာဖြစ်ပြီး စစ်ကြောင်းမှာ စစ်ကောင်တပ်ရဲ့ အဓမ္မ လူသစ်စုဆောင်းခံရတဲ့ စစ်မှုထမ်းသင်တန်းဆင်း လူငယ်အများစု ပါဝင်နေတယ်လို့ ဒေသခံတွေနဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။

ဇန်နဝါရီ ၇ ရက်နေ့ကတော့ အဲဒီစစ်ကြောင်းနဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ခဲ့ပြီး တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ခုနစ်ဦးခန့် သေဆုံးသလို ကာကွယ်ရေးတပ်ဖွဲ့ဝင် သုံးဦးခန့် ဒဏ်ရာရခဲ့တယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။

ဒီအခြေအနေတွေနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ မကွေးတိုင်းပြောခွင့်ရသူ တိုင်းလူမှုရေးဝန်ကြီး ဦးမျိုးမြင့်ကို RFA က ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေကြားတာ မရှိပါဘူး။

လက်နက်ကိုင် ပဋိပက္ခတွေကြောင့် နိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးရသူ အရေအတွက် တိုးလာနေပြီး ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) ရဲ့ ဇန်နဝါရီ ၃ ရက်နေ့ ထုတ်ပြန်ချက်အရ ပြည်တွင်း နေရပ်စွန့်ခွာရသူ သုံးသန်းခွဲကျော် ရှိပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org