မျောက်ကျောက်ရောဂါဟာ ဗိုင်းရပ်စ်ပိုးသစ်မဟုတ်ကြောင်း WHO ပြောကြား

မျောက်ကျောက်ရောဂါဟာ Covid 19 ဗိုင်းရပ်စ်ပိုးအသစ် မဟုတ်အကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ပြောကြားလိုက်ပါတယ်။

ကွန်ဂိုသမ္မတနိုင်ငံ Kivu ပြည်နယ်တွင် မျောက်ကျောက်ဗိုင်းရပ်စ် ကူးစက်ခံထားသည်ဟု သံသယရှိသူ ကလေးတစ်ဦးထံမှ နမူနာ ယူနေသည်ကို ၂၀၂၄ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့က တွေ့ရစဉ်။ REUTERS/Arlette Bashizi

Monkey pox လို့ ခေါ်တဲ့ မျောက်ကျောက်ရောဂါဟာ Covid 19 ဗိုင်းရပ်စ်ပိုးအသစ် မဟုတ်တဲ့အကြောင်း ကမ္ဘာ့ကျန်းမာရေး အဖွဲ့ (WHO) က သြဂုတ် ၂၀ ရက်နေ့က ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားလိုက်ပါတယ်။

အားလုံး မျောက်ကျောက်ရောဂါပြဿနာကို အတူတကွ ရင်ဆိုင်ကြရပါမယ်လို့ WHO ဥရောပရေးရာ ညွှန်ကြားရေးမှုး ဟန်စ် ကလုဂ်က သတင်းစာရှင်းလင်းပွဲမှာ ပြောသွားပါတယ်။ ခုချိန်မှာ ရှိနေတဲ့ ကျန်းမာရေးစောင့်ရှောက်မှုစနစ်တွေကို အသုံးပြုပြီး ဒီရောဂါပိုးကို ထိန်းချုပ်ဖို့ လုပ်မလား၊ ဘာမှ မလုပ်ဘဲ လျစ်လျူရှုထားမလား ဆိုတဲ့အချက်က နောက်လာမယ့် နှစ်များစွာမှာ ဥရောပအတွက်ရော၊ ကမ္ဘာကြီးအတွက်ပါ သက်ရောက်မှု ရှိလာပါလိမ့်မယ်လို့လည်း သတိပေးပါတယ်။

Clade 1B လို့ခေါ်တဲ့ မျောက်ကျောက်ရောဂါ အမျိုးအစားဟာ ပုံမှန်ထက်ပိုပြီး လွယ်လွယ်ကူကူ ကူးစက်ပျံ့နှံ့နိုင်တာကြောင့် ကမ္ဘာလုံးအတိုင်းအတာနဲ့ စိုးရိမ်ပူပန်နေတဲ့အကြောင်း Channel News Asia သတင်းက ဖော်ပြပါတယ်။

အဲဒီ မျောက်ကျောက်ရောဂါ ဗိုင်းရပ်စ်အမျိုးအစား ကူးစက်ခံထားရသူတစ်ဦးကို ဆွီဒင်နိုင်ငံမှာ ပြီးခဲ့တဲ့ အပတ်က တွေ့ရှိခဲ့ပြီး ဒါဟာ ရောဂါပိုးစတင်ဖြစ်ပွားတဲ့ အာဖရိကတိုက် ပြင်ပမှာ ပထမဆုံးတွေ့ရတာ ဖြစ်ပါတယ်။ ဒါပေမဲ့ လောလောဆယ်မှာ မျောက်ကျောက်ရောဂါကူးစက်မှုက သာမန်ပြည်သူတွေကို ခြိမ်းခြောက်နိုင်ခြေ နည်းသေးတဲ့အကြောင်းနဲ့ ကိုဗစ်ကပ်ရောဂါကာလတုန်းကလို ဥရောပဒေသတစ်ခုလုံး Lockdown အသွားအလာ အဝင်အထွက် ပိတ်ချလိုက်တာမျိုး မလိုအပ်သေးဘူးလို့လည်း WHO ဥရောပရေးရာ ညွှန်ကြားရေးမှုး ဟန်စ် ကလုဂ်က ပြောပါတယ်။

အခု အသစ်ပေါ်လာတဲ့ Clade 1B မျောက်ကျောက်ရောဂါပိုးအသစ်ကို ထိန်းချုပ်နိုင်ဖို့ ဆောင်ရွက်နေတာတွေဟာ ၂၀၂၂ ခုနှစ်ကတည်းက စတင်ပျံ့နှံ့နေပြီး သိပ်မပြင်းထန်တဲ့ Clade 2 အမျိုးအစား မျောက်ကျောက်ရောဂါပိုးကို ထိန်းချုပ်ကုသရာမှာလည်း အထောက်အကူဖြစ်လိမ့်မယ်လို့ သူက ပြောပါတယ်။

မျောက်ကျောက်ရောဂါပိုးဟာ အနီးကပ်ထိတွေ့ဆက်ဆံရာကနေတစ်ဆင့် ကူးစက်တတ်ပြီး ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါဖြစ်သွားတဲ့ Covid- 19 ဗိုင်းရပ်စ်ပိုးလို လေထဲကနေ အလွယ်တကူ ပျံ့နှံ့ကူးစက်တဲ့ အထောက်အထားတော့ မတွေ့ရဘူးလို့ သတင်းက ဆိုပါတယ်။

မျောက်ကျောက်ရောဂါ ဗိုင်းရပ်စ်ပိုးကူးစက်ခံရရင် အရေပြားပေါ်မှာ ယားနာလို အဖုအပိန့်တွေပေါ်လာပြီး တုပ်ကွေးလို ရောဂါလက္ခဏာတွေ ပြတတ်ပါတယ်။ များသောအားဖြင့် ရောဂါလက္ခဏာတွေ မပြင်းထန်တတ်ပေမဲ့ အသက်သေဆုံးတဲ့အထိလည်း ဖြစ်တတ်တယ်လို့လည်း CNA သတင်းမှာ ဖော်ပြထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org