တပ်မတော်ကို ဆက်သွယ်နိုင်မယ့်သူတွေ စာရင်းထုတ်ပြန်ပေးဖို့ တောင်းဆို
2018.12.28

တပ်မတော်နဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေ အချိန်နဲ့တပြေးညီရရှိနိုင်ရေးအတွက် တပ်မတော်ဘက်ကို ဆက်သွယ်ရမယ့်ပုဂ္ဂိုလ်၊ ဖုန်း၊ အီးမေးလ်လိပ်စာတို့ကို တရားဝင်အသိပေးဖို့နဲ့ ပြန်လည်ဖြေကြားပေးဖို့ သတင်း မီဒီယာကောင်စီက ဒီနေ့ အကြောင်းကြားစာ ထုတ်ပြန်လိုက်ပါတယ်။
တပ်မတော်နဲ့ ပတ်သက်တဲ့ သတင်းတွေကို စိစစ်အတည်ပြုတာမရှိဘဲ သတင်းမီဒီယာတွေက သတင်းထုတ်ပြန် မယ်ဆိုရင် ဥပဒေအရ ဆောင်ရွက်သွားမယ်လို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က မနေ့က သတိပေး ကြေညာချက် တစ်စောင်ထုတ်ပြန်လိုက်ပြီး ၁ ရက်အကြာမှာ သတင်းမီဒီယာကောင်စီက အခုလို ကြေညာချက်ပြန် လည် ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။
သက်ဆိုင်ရာတိုင်းနဲ့ပြည်နယ်တွေက လုံခြုံရေးနဲ့ နယ်စပ်ရေးရာ ဝန်ကြီးဌာနက ဝန်ကြီးတွေနဲ့ တိုင်းစစ်ဌာနချုပ်တွေ က တိုင်းဦးစီးဗိုလ်မှူးကြီးတွေဆီ အတည်ပြုချက်ရယူဖို့ တပ်မတော်က မနေ့ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။
ဒီထုတ်ပြန်ချက်အရ တပ်မတော်သတင်းမှန်ပြန်ကြားရေးက ဗိုလ်မှူးကြီး မြတ်မင်းဦးကို RFA က ဆက်သွယ် မေးမြန်းရာမှာ ခရီးသွားနေကြောင်းနဲ့ တစ်စုံတစ်ရာမှတ်ချက်ပြု ပြောနိုင်တာမရှိကြောင်းပြောပါတယ်။
ဒါ့အပြင် ထုတ်ပြန်ချက်အရ မေးရမယ်ဆိုတဲ့ ဝန်ကြီးတွေနဲ့ တိုင်းဦးစီးဗိုလ်မှူးကြီးတွေရဲ့ ဖုန်းနံပါတ်တွေကို သတင်းမီဒီယာကောင်စီထံ ပေးထားတယ်လို့လည်း ဗိုလ်မှူးကြီးမြတ်မင်းဦး က ပြောပါတယ်။
ဒီဖြေကြားချက်နဲ့ ပတ်သက်ပြီး သတင်းမီဒီယာကောင်စီကို ဆက်သွယ်မေးမြန်းရာမှာ ကောင်စီရဲ့ တွဲဖက်အတွင်းရေး မှူး ၂ ဦးလှိုင်းသစ်ဇင်ဝေက ဆက်သွယ်ရမယ့် တိုင်းဦးစီးဗိုလ်မှူးကြီးတွေရဲ့ ဖုန်းနံပါတ်တွေကို ကောင်စီထံ ပေးထားတာ မရှိကြောင်း RFA ကို ပြောပါတယ်။
ဒါကြောင့် သတင်းအချက်အလက်တွေ အချိန်နဲ့တပြေးညီရနိုင်ရေးအတွက် တပ်မတော်ဘက်က ဆက်သွယ်ရမယ့် ပုဂ္ဂိုလ်၊ ဖုန်း၊ အီးမေးလ်လိပ်စာတို့ကို တရားဝင်အသိပေးဖို့နဲ့ ဖြေကြားပေးဖို့ ကောင်စီက ဒီနေ့ အကြောင်းကြားစာ ထုတ်ပြန်တာလို့ ပြောပါတယ်။
ဒီဇင်ဘာလ ၂၄ ရက်နေ့မှာ ရှမ်းပြည်နယ်၊ ကွတ်ခိုင်မြို့နယ်၊ ရွှေမှော်ကျေးရွာအနီး အစိုးရတပ်မတော်နဲ့ တအာင်း လွတ်မြောက်ရေးတပ်မတော်တို့ တိုက်ပွဲတွေဖြစ်ပွားခဲ့တယ်ဆိုတဲ့သတင်းကို RFA၊ The Voice၊ ဧရာဝတီနဲ့ ခေတ်သစ်မီဒီယာအပါအဝင် သတင်းဌာန ၇ ခုက ဖော်ပြခဲ့ပြီး တိုက်ပွဲဖြစ်ပွားတာဟာ မှန်ကန်မှုမရှိဘူးလို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးရဲ့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။
ဒါပေမဲ့ ကွတ်ခိုင်မြို့နယ်အတွင်းမှာ TNLA နဲ့ တပ်မတော်တို့ ဒီဇင်ဘာလ ၂၅ ရက်နေ့က တိုက်ပွဲဖြစ်ပွားခဲ့တာ မရှိကြောင်း RFA သတင်းဌာနက ဒီဇင်ဘာလ ၂၇ ရက်နေ့က ပြင်ဆင်ချက် ပြန်လည်ထုတ်လွှင့်ခဲ့ပြီး ဖြစ်ပါတယ်။
ဒီသတင်းကို RFA သတင်းထောက် မဝေမာထွန်း ပေးပို့တာပါ။