မိုးဗြဲမှာ လူ ၈၀ ကျော်ပိတ်မိနေဆဲဖြစ်ကြောင်း ဒေသခံတွေပြော

2022.09.23
မိုးဗြဲမှာ လူ ၈၀ ကျော်ပိတ်မိနေဆဲဖြစ်ကြောင်း ဒေသခံတွေပြော လက်နက်ကြီးထိမှန်ပျက်စီးသွားသည့် မိုးဗြဲ မွေတော်ဘုရားဘုန်းကြီးကျောင်းကို ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၁၉ ရက်နေ့က တွေ့ရစဉ်။
ဓာတ်ပုံ - ကရင်နီလူ့အခွင့်အရေးအဖွဲ့

ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုးဗြဲမြို့၊ မွေတော်ဘုရားဘုန်းကြီးကျောင်းနဲ့ စက်တော်ရာ ဘုန်းကြီးကျောင်းမှာ စက်တင်ဘာလ ၁၉ ရက်နေ့ကနေ ဒီနေ့အထိ ဒေသခံ ၈၀ ကျော် ပိတ်မိနေဆဲဖြစ်တယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။

ကျောင်းဝင်းအပြင်ဘက်ကို သွားရောက်လိုသူတွေကိုလည်း အချိန်ပိုင်းနဲ့သာ သွားခွင့် ပေးနေတယ်လို့ ပိတ်မိနေသူတွေနဲ့ ဆွေမျိုးတော်သူတစ်ဦးက RFA ကိုပြောပါတယ်။

"တစ်နာရီဆို တစ်နာရီအတွင်း ကျောင်းကိုပြန်လာရမယ်၊ အဲလိုမျိုးပေါ့နော်။ သူတို့ သံသယရှိတဲ့ သူမျိုးဆို လက်မှတ်ထိုးပြီးမှ အချိန်ပိုင်းနဲ့ပဲ ထွက်ခိုင်းတာ"

မိုးဗြဲမြို့မှာ စက်တင်ဘာ ၁၉ ရက်နေ့က စစ်ကောင်စီတပ်က အင်အား အလုံးအရင်းနဲ့ ဝင်ရောက်လာပြီး ဒုက္ခသည်တွေနေထိုင်နေတဲ့ မွေတော်ဘုရားနဲ့ စက်တော်ရာဘုရား ဘုန်းကြီးကျောင်းနေရာတွေမှာ ဝင်ရောက်တပ်စွဲရာကနေ အဲဒီဘုန်းကြီးကျောင်းတွေမှာ နေထိုင်နေတဲ့ ဂေါပကအဖွဲ့ဝင်တွေအပါအဝင် ဒေသခံ ၁၀၀ ကျော်လောက် ပိတ်မိနေတာ ဖြစ်တယ်လို့ ဆိုပါတယ်။

စက်တင်ဘာလ ၂၁ ရက်နေ့ကတော့ ပိတ်မိနေသူတွေထဲက လူ ၂၀ လောက်ကို ပြန်လွှတ် ပေးခဲ့ပေမယ့် ကျန် ၈၀ လောက်ကတော့ အဲဒီနေရာမှာပဲ ရှိနေဆဲဖြစ်တယ်လို့ ဒေသခံတွေ က ပြောပါတယ်။

စက်တော်ရာဘုရားအနီးမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တို့အကြား ဒီနေ့မနက် သုံးနာရီလောက်က တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ်က မိုးဗြဲမြို့လမ်းမကြီးဘေးနဲ့ တိုက်အိမ်အမြင့်တွေမှာ နေရာယူထားပြီး ဈေးကုန်းရပ်ကွက်ကနေ အိမ်ငါးလုံးလောက်ကို ဝင်ရောက်ရှာဖွေခဲ့သလို ပစ္စည်းတွေပါ သယ်ယူသွားတယ်လို့လည်း ဆိုပါတယ်။

မိုးဗြဲမြို့အတွင်းက အခြေအနေတွေနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က သတင်း ထုတ်ပြန်တာ မရှိသေးသလို ရှမ်းပြည်နယ်နဲ့ ကယားပြည်နယ် စစ်ကောင်စီ ပြောခွင့်ရသူ တွေကို RFA က ဒီနေ့ နေ့လယ်က ဖုန်းနဲ့ ဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် အကြောင်းမပြန်ပါဘူး။

မိုးဗြဲမြို့နဲ့ လွိုင်ကော်မြို့နယ်တွေမှာ အခုစက်တင်ဘာလအတွင်း နှစ်ဖက်တိုက်ပွဲနဲ့ စစ်ကောင်စီ လက်နက်ကြီးကြောင့် ကလေးငယ် သုံးဦး အပါအဝင် အရပ်သား ခြောက်ဦး သေဆုံးခဲ့ရတယ်လို့ ကရင်နီအရပ်ဖက်အဖွဲ့အစည်းတွေရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြ ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။