ရေပိုကြီးမယ်
2015.07.31

မြန်မာနိုင်ငံမှာ ဒီရက်ပိုင်းအတွင်း မိုးကြီးရေလွှမ်းမှုတွေပိုမိုများပြားလာဖွယ်ရှိနေစဉ်မှာပဲ ရေကြီးမှုဒဏ်ကြောင့် လတ်တလော သေဆုံးသူ ၂၇ ဦးရှိပြီလို့ သိရပါတယ်။
နိုင်ငံအနှံ့အပြားရေကြီးပြီး လူထောင်သောင်းများစွာ အစာရေစာပြတ်လပ်နေပေမယ့် အစိုးရက အရေးပေါ် အခြေ အနေ ကြေညာခြင်းမရှိတဲ့ အတွက် ပြစ်တင် ဝေဖန်မှုတွေ အများအပြားပေါ်ထွက်နေပါတယ်။ မိုးလေဝသပညာရှင် ဦးထွန်းလွင်က အစိုးရအနေနဲ့ ကြိုတင်ပြင်ဆင်မှုအားနည်းကြောင်း၊ အရေးပေါ်အခြေအနေကြေညာဖို့ နောက်ကျနေပြီ လို့တောင်ဆိုရမှာ ဖြစ်ကြောင်းပြောပါတယ်။
ဒီအတွင်း နိုင်ငံတော်သမ္မတရုံးက ရေကြီးမြေပြိုမှုတွေကြောင့် ထိခိုက်ပျက်စီးမှု ကြီးမားတဲ့ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနဲ့ ရခိုင်ပြည်နယ်တွေကို သဘာဝဘေးဒဏ် ကျရောက်သောဒေသများအဖြစ် ကြေညာကြောင်း မနေ့က စာတစ်စောင်ထုတ်ပြန်ခဲ့ပါတယ်။ ဒါပေမယ့် အရေးပေါ်အခြေအနေ အဖြစ် ကြေညာခြင်း မရှိသလို အဲဒီထုတ်ပြန်ချက်မှာ အခြားအချက်အလက်တစုံတရာလည်း ပါဝင်ခြင်း မရှိပါဘူး။
တခြား RFA ကရတဲ့ သတင်းတွေမှာတော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကိုဝင်ရောက်သွားတဲ့ မုန်တိုင်းဟာ အားပျော့သွား ပြီဖြစ်ပေမယ့် ရခိုင်ကမ်းရိုးတန်းနဲ့ ကမ်းလွန် ပင်လယ်မှာ မိုးသက်လေပြင်းကျနိုင်ကြောင်း၊ ပင်လယ်ပြင်မှာ လှိုင်း အမြင့်ပေ ၁၈ ပေခန့် အထိရှိနိုင်ပြီး တစ်နာရီကို လေ မိုင် ၆၀ အထိ တိုက်ခိုက်နိုင်ကြောင်းနဲ့ ရခိုင်ပြည်နယ်မှာ လူ ၁ သိန်းခွဲခန့် အိုးမဲ့အိမ်မဲ့ဖြစ်နေကြောင်း စသဖြင့် ဖေါ်ပြထားပါတယ်။