ဆရာတော် ဦးသောဘိတကို ပလပ်ပြီးသားအမှုနဲ့ ထောင် ၂ နှစ်ထပ်ချ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) အစိုးရလက်ထက်မှာ ပုဒ်မ ၅၀၅ (က) နဲ့ တရားစွဲခံပြီး အမှုပလပ်ပေးခံခဲ့ရတဲ့ မန္တလေးမြို့က ဆရာတော် ဦးသောဘိတ (ခ) အလင်္ကာကြယ်ကို အမှုပြန်လည်စွဲဆိုပြီး ထောင်ဒဏ် ၂ နှစ် ချမှတ်လိုက်တယ်လို့ မန္တလေးသံဃသမဂ္ဂအဖွဲ့က မိန့်ပါတယ်။

မန္တလေးမြို့က ဆရာတော် ဦးသောဘိတ (ခ) အလင်္ကာကြယ်ကို တွေ့ရစဥ်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) အစိုးရလက်ထက်မှာ ပုဒ်မ ၅၀၅ (က) နဲ့ တရားစွဲခံပြီး အမှု ပလပ်ပေးခံခဲ့ရတဲ့ မန္တလေးမြို့က ဆရာတော် ဦးသောဘိတ (ခ) အလင်္ကာကြယ်ကို အမှုပြန်လည်စွဲဆိုပြီး ထောင်ဒဏ် ၂ နှစ် ချမှတ်လိုက်တယ်လို့ မန္တလေးသံဃသမဂ္ဂအဖွဲ့က မိန့်ပါတယ်။

ဆရာတော် ဦးသောဘိတ (ခ) အလင်္ကာကြယ်ဟာ စစ်တပ်က အာဏာသိမ်းပြီး နောက်တစ်ရက်မှာပဲ ကျောင်းတိုက်မှာ အဖမ်းခံလိုက်ရတာဖြစ်ပြီး NLD အစိုးရလက်ထက် ပလပ်ခဲ့တဲ့ တပ်မတော် အကြည်ညို ပျက်စေမှု ဥပဒေပုဒ်မနဲ့ပဲ စစ်ကောင်စီက ပြန်လည်စွဲဆိုကာ အောက်တိုဘာလ ၂၇ ရက်နေ့မှာ ထောင်ချလိုက် တာဖြစ်ပါတယ်။

“တဖက်သတ် အမိန့်ချသွားတာပေါ့၊ လူသားတစ်ဦးအနေနဲ့ ကာကွယ်ပိုင်ခွင့်၊ ခုခံပိုင်ခွင့်ဘာမှမရဘူး၊ ပလပ်ထားတဲ့အမှုကို အခုလိုပြန်ဆွဲပြီးချတယ်ဆိုတော့ ကြားကြားချင်းလည်း တော်တော်အံ့သြသွားတယ်၊ စစ်အာဏာရှင်အုပ်ချုပ်နေသရွေ့ လူတွေ၊ ဘုန်းကြီးတွေ၊ ဘာသာမရွေး၊ လူမျိုးမရွေး ဥပဒေအခွင့်အရေး ဘာမှရကြမှာ မဟုတ်ဘူး၊ တစ်နိုင်ငံလုံး ဒုက္ခရောက်တယ်၊ အဲဒါကြောင့် စစ်အာဏာရှင်ကို အဆုံးထိ တော်လှန်သွားမယ်” လို့ မန္တလေးမြို့ သံဃသမဂ္ဂအဖွဲ့ဝင် ဆရာတော်တစ်ပါးက မိန့်ကြားပါတယ်။

ဆရာတော် ဦးသောဘိတ (ခ) အလင်္ကာကြယ်ကို လက်ရှိ အိုးဘိုအကျဉ်းထောင်မှာထားတာဖြစ်ပြီး ကျန်းမာရေးကောင်းမွန်တယ်လို့လည်း မိန့်ပါတယ်။

ဆရာတော်ဟာ စစ်အာဏာရှင်စနစ်ကိုဆန့်ကျင်တဲ့ ဝေဖန်ပြောဆိုမှုကြောင့် NLD အစိုးရလက်ထက် ၂၀၁၈ ခုနှစ်မှာ ဒုတိယဗိုလ်မှူးကြီးတစ်ယောက်က တရားလိုပြုလုပ်ပြီး ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ)၊ တပ်မ တော် အကြည်ညိုပျက်စေမှုဥပဒေ ပုဒ်မ ၅၀၅ ( က) တို့နဲ့ အမရပူရတရားရုံးမှာ အမှုရင်ဆိုင်နေရတာပါ။

၅၀၅ (က) အမှုကိုတော့ အမှုမမြောက်တဲ့အတွက် တရားရုံးက ပလပ်ပေးခဲ့ပြီး ၆၆ (ဃ) အမှုကို အာမခံနဲ့ အပြင်ကနေ တရားရင်ဆိုင်ဖို့ တရားရုံးက အမိန့်ချထားတာဖြစ်ပါတယ်။

ဒါပေမဲ့ စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက်မှာတော့ ပြန်အဖမ်းခံခဲ့ရပြီး ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ (ဃ) အတွက် ထောင်ဒဏ် ၂ နှစ်ချမှတ်ခဲ့သလို အခု နောက်တစ်မှုအတွက် ထောင်ဒဏ် ၂ နှစ် ထပ်ပြီးချမှတ်ခံရတာ လို့ မန္တလေးမြို့ သံဃသမဂ္ဂအဖွဲ့က ပြောပါတယ်။

ဖေဖော်ဝါရီလ ၁ ရက် စစ်တပ်ကအာဏာသိမ်းပြီးတဲ့နောက်ပိုင်း စစ်အာဏာရှင်စနစ်ကိုဆန့်ကျင်တဲ့ သံဃာတော်ပေါင်းအပါး ၃၀ ကျော် ဖမ်းဆီးခံထားရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org