မန္တလေး သံဃသမဂ္ဂ ဦးဆောင်ဆရာတော်နဲ့ သပိတ်အင်အားစုဝင် လေးဦး ထောင်သုံးနှစ် ချမှတ်ခံရ
2022.11.25

မန္တလေးမြို့အခြေအစိုက် သံဃသမဂ္ဂ ဦးဆောင်ဆရာတော်တစ်ပါးနဲ့ နိုင်ငံရေး တက်ကြွ လှုပ်ရှားသူ လေးဦးကို စစ်ကောင်စီရဲ့ ပြည်ကြီးတံခွန် မြို့နယ်တရားရုံး က နိုဝင်ဘာ ၂၄ ရက်မနေ့က ရာဇသတ်ကြီး ဥပဒေပုဒ်မ -၅၀၅(က)နဲ့ ထောင်ဒဏ်သုံးနှစ် ချမှတ် လိုက်တယ်လို့ မန္တလေးမြို့ဒေသခံတွေက RFA ကိုပြောပါတယ်။
ထောင်ဒဏ်သုံးနှစ် ကျခံရသူတွေအထဲ မန္တလေးသံဃသမဂ္ဂဦးဆောင် ဆရာတော် ဦးကလျာဏ(ခ)ဦးယောကြီး၊ မန္တလေး သပိတ်အင်အားစုက နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ကိုပိုင်နွေဦး၊ ကိုကောင်းခန့်ဇော်၊ ကိုနေရဲ၊ ကိုဟိန်းမောင်တို့ ဖြစ်တယ်လို့ သံဃသမဂ္ဂ (မန္တလေး) ဦးဆောင်ဆရာတော် အရှင်ရာဇဒမ္မ RFA ကို နိုဝင်ဘာ ၂၅ ရက် ဒီကနေ့မှာ မိန့်ပါတယ်။
“အဲဒီနေ့က ပထမဆုံး ရုံးထုတ်တာ။ ရုံးထုတ်တဲ့နေ့မှာပဲ အမိန့်ချလိုက်တာ။ အဲဒီလို အမိန့်ချလိုက်တော့ ရှေ့နေလည်းခေါ်ခွင့် မရဘူး။ ခုခံချေပ ပိုင်ခွင့်လည်းမရှိဘူး။ အခုက စစ်အာဏာရှင်ကို တော်လှန်လို့ ဖမ်းဆီးခံရပြီဆိုရင်တောင် ခုခံချေပပိုင်ခွင့်နဲ့ မိသားစုနဲ့ တွေ့ဆုံခွင့်ဆိုတဲ့ အခြေခံလူ့အခွင့်အရေးတောင် မရဘူး”
ဆရာတော်ဦးကလျာဏ အပါအဝင် နိုင်ငံရေးတက်ကြွလှုပ်ရှားသူ လေးဦးဟာ အခု နှစ်အောက်တိုဘာ ၃၀ ရက်က ဖမ်းဆီးခံခဲ့ရတာလို့ သူက ဆက်ပြောပါတယ်။
မန္တလေးမြို့မှာ အခု နိုဝင်ဘာလအတွင်း နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ငါးဦးထက်မနည်း ဖမ်းဆီးခံရပြီး မြို့ပြပြောက်ကျားအဖွဲ့ တစ်ခုဖြစ်တဲ့ Generation Z Power (GZP) က အဖွဲ့ဝင်လေးဦးလည်း သေဆုံးခဲ့တယ်လို့ မန္တလေးမြို့ခံတွေက ပြောပါတယ်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ နိုဝင်ဘာ ၂၄ ရက်ထုတ်ပြန်ချက်အရ စစ်အာဏာသိမ်းပြီးချိန်ကစလို့ အခုလနိုဝင်ဘာ ၂၄ ရက်အထိ နိုင်ငံတစ်ဝန်း ဖမ်းဆီးခံထားရသူ ၁၂,၉၈၆ ဦးရှိပြီး အဲဒီအထဲက ၁,၆၁၂ ဦးက ထောင်ဒဏ် ချမှတ်ခံထားရပါတယ်။