ဝန်ကြီးတာဝန်က နုတ်ထွက်တဲ့အကြောင်း ဦးမင်းထင်အောင်ဟန် ပြော


2018.05.30
minhtinaunghan-mon-minister-622.jpg မွန်ပြည်နယ် လျှပ်စစ်၊ စွမ်းအင်နဲ့ စက်မှုဝန်ကြီးဌာန ဝန်ကြီး ဦးမင်းထင်အောင်ဟန် ကို တွေ့ရစဉ်
Photo: Kyaw Lwin Oo/ RFA

ပါတီရဲ့ ညွှန်ကြားချက်နဲ့ လိုအပ်ချက်အရ ဝန်ကြီးတာဝန်ကနေ နုတ်ထွက်တာဖြစ်ကြောင်း မွန်ပြည်နယ် လျှပ်စစ်၊ စွမ်းအင်နဲ့ စက်မှုဝန်ကြီးဌာနဝန်ကြီး ဦးမင်းထင်အောင်ဟန် က ဒီနေ့ ပြောပါတယ်။

ပါတီရဲ့ လုပ်ငန်းလိုအပ်ချက်အရ လူကြီးတွေ စီစဉ်တာကို လိုက်နာတာဖြစ်တယ်လို့ ဦးမင်းထင်အောင်ဟန် က ပြောပါတယ်။

"နုတ်ထွက်တယ်ဆိုတာက အန်ကယ်တို့ပါတီက လူတွေအပြောင်းအလဲတွေလုပ်နေတာ ညီလေးတို့လည်း သိတယ်လေ၊ အဲဒီနေရာမှာ လိုအပ်ချက်အရ တို့ပါတီကလုပ်တာ၊ ဥပမာ ဒီနေရာမှာနေဆိုရင် တို့ကနေရမှာပါပဲ၊ ဒါကနိုင်ငံရေးလုပ်တာဆိုတော့ ပါတီရဲ့ညွှန်ကြားချက်အတိုင်း လိုက်နာဆောင်ရွက်ရမှာပဲ၊ ဒါပေမဲ့ ကျနော်လည်း ပထမတော့ ဘာဖြစ်လို့လဲပေ့ါ၊ ကိုယ့်မှာအပြစ်ရှိလားပေါ့၊ အဲလိုစိတ်ထဲမှာ သံသယရှိလို့ လူကြီးတွေဆီ သွားမေးပါတယ်၊ အဲဒါတွေကြောင့်မဟုတ်ဘူး၊ ပါတီရဲ့လုပ်ငန်းလိုအပ်ချက်အရ ရွေ့တာဖြစ်ကြောင်း ကျနော့်ကို သူတို့အကုန်လုံးရှင်းပြတယ်၊ ကျနော်တို့က ဘာစိတ်ပူတာလဲဆိုတော့ ကျနော်တို့က နယ်မှာနေတာလေ၊ ကျနော်တို့ရဲ့ နောင်သားစဉ်မြေးဆက် ကိုယ်မဟုတ်တာလုပ်တယ်လို့ ထင်ခံရတာမျိုး အထင်မခံချင်ဘူး၊ အဲဒါကို လူကြီးတွေဆီတင်ပြတော့ လူကြီးတွေကလည်း တာဝန်ယူဖြေရှင်းပေးမယ်လို့ ကျနော်တို့ကိုလည်းပြောတယ်၊ ရှင်းရှင်းပြောရင် ကျနော်လွှတ်တော်လာချင်နေတာကြာပြီ"

မွန်ပြည်နယ်ဝန်ကြီး ဦးမင်းထင်အောင်ဟန်ကို ရာထူးကနေ နုတ်ထွက်ခွင့်ပြုလိုက်ကြောင်း မနေ့က နိုင်ငံတော် သမ္မတရုံးက ကြေညာချက် ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။

သူဟာ မော်လမြိုင်မြို့နယ် မဲဆန္ဒနယ်အမှတ် ၁ ကနေ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးချယ် တင်မြှောက်ခံထားရသူဖြစ်ပြီး ဝန်ကြီးတာဝန် ယူထားစဉ်ကာလအတွင်း ဆောင်ရွက်ချက်တွေအပေါ် ပွင့်လင်း မြင်သာမှု မရှိဘူးဆိုတဲ့ တိုင်ကြားခံရမှုတွေ ရှိတယ်လို့ သတင်းတွေ ထွက်ပေါ်နေသူဖြစ်ပါတယ်။

ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အေးဇံ နဲ့ ဦးမင်းထင်အောင်ဟန် တို့အကြား မပြေလည်မှုတွေရှိနေတယ်ဆိုတဲ့ သတင်းတွေနဲ့ပတ်သက်ပြီး ဦးမင်းထင်အောင်ဟန်က ငြင်းဆိုပါတယ်။

ဝန်ကြီးတာဝန်ကနေ နုတ်ထွက်ပြီးနောက် ကိုယ်စားလှယ်တာဝန်တွေ ဆက်လက်ထမ်းဆောင်မှာဖြစ်ပြီး ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် စည်းရုံးရေးလုပ်ငန်းတွေမှာ ပါဝင်ဆောင်ရွက်သွားမယ်လို့ ပြောပါတယ်။

မွန်ပြည်နယ်အစိုးရအဖွဲ့မှာ ဝန်ကြီးချုပ်တာဝန်ကနေ ဦးမင်းမင်းဦး နုတ်ထွက်ပြီးနောက် ဦးမင်းထင်အောင်ဟန်ဟာ ဒုတိယမြောက် နုတ်ထွက်သူ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။