မိုးထိမိုးမိလုပ်သားတွေ နေရာ မဖယ်ပါက အရေးယူမယ်လို့ အာဏာပိုင်များ ကြေညာ
2014.01.29

ရမည်းသင်းခရိုင် ရွှေမြင်တင်တောင်ခြေက ဘုရားစောင်းတန်းမှာ ခိုလှုံနေကြတဲ့ မိုးထိမိုးမိ ရွှေတောလုပ်သားတွေနဲ့ သူတို့မိသားစုတွေကို အဒီနေရာကနေ မဖယ်ရင် အရေးယူမယ်ဆိုပြီး၊ ဒေသခံ အာဏာပိုင်တွေက မနေ့ကနေ့လယ်မှာ ကြေညာတယ် လို့သိရပါတယ်။
ဒီအကြောင်းနဲ့ပတ်သက်လို့ရွှေလုပ်သားတစ်ဦးဖြစ်တဲ့ ကိုမျိုးတင့်က RFA ကိုပြောပါတယ်။
“ညနေ ၄ နာရီမှာ ထွက်ပေးရင်ထွက်ပေး ထွက်မပေးရင် ပုဒ်မ ၁၈၈ နဲ့ ကျနော်တို့ကို တရားစွဲမယ်၊ တစ်ယောက်ကိုထောင်ဒဏ် ၆ လ ချမယ်ဆိုပြီး မိုက်ကြီးနဲ့လှမ်းအော်တယ်”
သူတို့ကိုကူညီနေတဲ့ ရန်ကုန်အခြေစိုက် တက်ကြွလှုပ်ရှားသူတချို့ကလည်း ရွှေတိဂုံဘုရားမှာ မနေ့က ဆုတောင်းပွဲပြုလုပ်ခဲ့တယ်လို့ပြောပါတယ်။
ရွှေအကြီးအကျယ်ထွက်တဲ့ အဲဒီမိုးထိမိုးမိတောင်မှာ လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်ကတည်းက မြန်မာပြည် ဒေသ အသီးသီးက သာမန်အရပ်သူအရပ်သားတွေသွားရောက်အခြေချပြီး ရွှေတူးဖေါ်နေရာကနေ အမျိုးသားကြီးပွားတိုးတက်ရေးကုမ္ပဏီက အစိုးရဆီကလုပ်ပိုင်ခွင့်ရပြီး ဝင်ရောက်လုပ်ကိုင်တဲ့နောက် အရင်ရောက်နှင့်နေတဲ့လူတွေနဲ့ ပဋိပက္ခဖြစ်နေတာပါ။
ဒါကြောင့် အဲဒီဒေသက နှင်ထုတ်ခံရတဲ့သူတွေက ပြန်စရာနေရပ်ဒေသ မရှိတော့တဲ့အပြင် အလုပ်လက်မဲ့ဖြစ်ကုန် တဲ့အတွက် သူတို့တွေ ပြန်ပြီးလုပ်ကိုင်စားသောက်ခွင့်ရဖို့ တောင်းဆိုနေတဲ့ကာလအတွင်း ရွှေမြင်တင် ဘုရားစောင်းတန်းမှာ ခေတ္တတည်းခိုနေကြတာ အခုဆိုရင် ၄ လနီးပါးရှိပြီလို့ ဆိုပါတယ်။