မိုးဗြဲတိုက်ပွဲကြောင့် ဒေသခံတစ်ထောင်ကျော် ထွက်ပြေးနေရ

မိုးဗြဲမြို့နဲ့ အနီးတစ်ဝိုက်မှာ စစ်ကောင်စီတပ်နဲ့ ကရင်နီပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေတာကြောင့် လူတစ်ထောင်ခန့် နေရပ်စွန့်ခွာ ထွက်ပြေးနေရပါတယ်။

ရှမ်းပြည်နယ် တောင်ပိုင်း၊ မိုးဗြဲမြို့နယ်မှ စစ်ဘေးဒုက္ခသည်တချို့အား ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၈ ရက်နေ့က တွေ့ရစဥ်။ Citizen Photo

ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ် မိုးဗြဲမြို့နဲ့ အနီးတစ်ဝိုက်မှာ စစ်ကောင်စီတပ်နဲ့ ကရင်နီပူးပေါင်းတပ်ဖွဲ့တို့ ဇန်နဝါရီ ၂၈ ရက်နေ့အထိ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေတာကြောင့် လူတစ်ထောင်ခန့် နေရပ်စွန့်ခွာ ထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မိုးဗြဲအခြေစိုက် စစ်ကောင်စီရဲ့ ခမရ-၄၂၂ တပ်ရင်းကနေ မြို့အတွင်းပိုင်းနဲ့ ရွာတွေဘက်ကို လက်နက်ကြီးတွေနဲ့ နေ့စဥ် ပစ်ခတ်နေတာ၊ ဒရုန်းနဲ့ ဗုံးကြဲတာတွေ လုပ်ဆောင်နေတာကြောင့် ဖယ်ခုံမြို့နယ်နဲ့ လွိုင်ကော်မြို့နယ်အစပ်က တောတောင်တွေထဲအထိ ထွက်ပြေးတိမ်းရှောင်နေရတာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“နေ့တိုင်းပဲ လက်နက်ကြီးတွေက ပစ်နေတာ။ ၄၂၂ တပ်ကလည်း ပစ်တယ်။ လွိုင်ကော်ဘက်ကလည်း ပစ်တယ်။ အခု ဘယ်သူမှာ မနေရဲလို့ အကုန်လုံး ထပ်ပြီးပြေးရပြန်ပြီ။ တစ်ထောင်ကျော်တယ်၊ ပြန်ပြေးရတဲ့သူက။ အခုက ကယားနယ်စပ်အထိ ပြန်ပြေးနေကြရတာ”

ဇန်နဝါရီ ၂၇ ရက် နေ့လယ်ပိုင်းက စစ်ကောင်စီတပ်ကပစ်ခတ်တဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲလို့ မိုးဗြဲမြို့ကနေ စစ်ဘေးတိမ်းရှောင်လာတဲ့ ဒေသခံခြောက်ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

၂၀၂၃ ခုနှစ် နိုဝင်ဘာမှာစတင်တဲ့ တစ်လေးလုံး (၁၁၁၁) စစ်ဆင်ရေးအတွင်း မိုးဗြဲမြို့က နေရာအများစုကို တော်လှန်ရေးတပ်ဖွဲ့တွေက ထိန်းချုပ်ထားနိုင်ခဲ့တာပါ။

အဲဒီနောက် ၂၀၂၅ ခုနှစ် ဇန်နဝါရီ လဆန်းပိုင်းကစပြီး စစ်ကောင်စီတပ်နဲ့ ပအိုဝ်းပြည်သူ့စစ် (PNO) ပူးပေါင်းအဖွဲ့ အင်အားတစ်ရာကျော်နဲ့ လွိုင်ကော်-မိုးဗြဲလမ်းပိုင်းကို ထိန်းချုပ်နိုင်ရေးစစ်ကြောင်းတွေ ထိုးနေတာကြောင့် တိုက်ပွဲ ပြန်လည်ပြင်းထန်လာတာလို့ ဆိုပါတယ်။

တိုက်ပွဲအခြေအနေနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ ရှမ်းပြည်နယ်ပြောခွင့်ရသူ ပြည်နယ်စီးပွားရေးဝန်ကြီး ဦးခွန်သိန်းမောင်နဲ့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) ပြောခွင့်ရသူတွေကို RFA ကဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံဖြေဆိုတာ မရှိသေးပါဘူး။

မိုးဗြဲမြို့မှာ လူဦးရေ တစ်သောင်းကျော် နေထိုင်ပြီး ကရင်နီ ပူးပေါင်းတပ်တွေရဲ့ မြို့သိမ်းတိုက်ပွဲအပြီးမှာ မြို့နေလူဦးရေ ထက်ဝက်နီးပါး နေရပ်ပြန်လာခဲ့ကြပါတယ်။

စစ်ကောင်စီတပ်က စစ်ကြောင်းထိုးမယ် ဆိုတဲ့သတင်းတွေ ထွက်ခဲ့တဲ့ ၂၀၂၄ ဒီဇင်ဘာမှာ နေရပ်ပြန်လာတဲ့ မြို့ခံတွေထဲက တချို့ ထပ်မံ နေရပ်စွန့်ခွာခဲ့ရပါတယ်။ အဲဒီနေရာက လူဦးရေ တစ်ထောင်နီးပါး မြို့မှာ ကျန်နေခဲ့ပြီး အခုရက်ပိုင်း တိုက်ပွဲတွေကြောင့် အဲဒီဒေသခံတွေလည်း ထပ်မံထွက်ပြေးနေရတာလို့ ဒေသခံတွေက ပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org