ရှမ်းပြည်နယ်မြောက်ပိုင်းမှာ လေးရက်ကြာအပစ်ရပ်မယ်လို့ MNDAA ကြေညာ
အခုရရှိတဲ့ လေးရက်အပစ်ရပ်ရေး သဘောတူညီချက်မှာ မန္တလေးတိုင်း အကျုံးမဝင်ဘူးလို့လည်း ဗိုလ်ချုပ်တာဘုန်းကျော်က ပြောတယ်လို့ AFP သတင်းမှာ ဖော်ပြပါတယ်။
-
RFA Burmese
2024-07-14 -
-
-
ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ဇူလိုင်လ ၁၄ ရက်နေ့ ည ၁၂ နာရီကနေ ဇူလိုင်လ ၁၈ ရက်နေ့ထိ လေးရက်ကြာအပစ်ရပ်မယ်လို့ ကိုးကန့်တပ်ဖွဲ့ (MNDAA) က ကြေညာချက်ထုတ်ပြန်ပါတယ်။
တရုတ်နိုင်ငံမှာ အာဏာရ ကွန်မြူနစ်ပါတီရဲ့ တတိယအကြိမ် စုံညီအစည်းအဝေး ကျင်းပဖို့ရှိပြီး တရုတ်နိုင်ငံရဲ့စိုးရိမ်ချက်ကို တုံ့ပြန်တဲ့အနေနဲ့ အပစ်ရပ်တာလို့ ထုတ်ပြန်ချက်မှာ ထည့်သွင်းပြောဆိုထားပြီး တပ်ဖွဲ့ဝင်တွေအားလုံး လိုက်နာရမယ်လို့လည်း MNDAA က ပြောထားပါတယ်။
တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) က ဗိုလ်ချုပ်တာဘုန်းကျော်ကလည်း စစ်ကောင်စီနဲ့ လေးရက်ကြာ အပစ်အခတ်ရပ်စဲဖို့ သဘောတူခဲ့ကြောင်း AFP သတင်းဌာနကို ဇူလိုင် ၁၄ ရက်နေ့က ပြောဆိုခဲ့ပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်းက တိုက်ပွဲတွေကို လေးရက်အပစ်ရပ်တာဖြစ်ပြီး မန္တလေးတိုင်းမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေနဲ့ အကျုံးမဝင်ကြောင်းလည်း ဗိုလ်ချုပ်တာဘုန်းကျော်က ပြောတယ်လို့ AFP သတင်းမှာ ဖော်ပြပါတယ်။
လေးရက်အပစ်ရပ်မယ်လို့ ညီနောင်မဟာမိတ်အဖွဲ့တွေ ထုတ်ပြန်ပြောဆိုချက်နဲ့ ပတ်သက်ပြီး စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က မေးမြန်းဖို့ ဖုန်းဆက်ခဲ့ပေမဲ့ ဆက်သွယ်လို့ မရခဲ့ပါဘူး။
တရုတ်နိုင်ငံရဲ့ ကြားဝင်ညှိနှိုင်းပေးမှုအရ စစ်ကောင်စီနဲ့ ညီနောင်မဟာမိတ်သုံးဖွဲ့တို့ တရုတ်နိုင်ငံ ကူမင်းမြို့မှာ တွေ့ဆုံဆွေးနွေးပြီး "၁ဝ၂၇ စစ်ဆင်ရေး" ကို ယာယီအပစ်ရပ်ဖို့ သဘောတူတဲ့ ဟိုင်ဂင်သဘောတူညီချက်ကို ဇွန်လ ၁၁ ရက်နေ့က လက်မှတ်ရေးထိုးခဲ့ကြပါတယ်။
ဒါပေမဲ့ ပြီးခဲ့တဲ့ ဇွန် ၂၅ ရက်နေ့ကစလို့ "၁၀၂၇ စစ်ဆင်ရေး" ဒုတိယပိုင်းအနေနဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ မန္တလေးတိုင်းက မြို့တချို့မှာရှိတဲ့ စစ်ကောင်စီ တပ်စခန်းတွေကို TNLA၊ MNDAA နဲ့ PDF ပူးပေါင်းတပ်တွေက ထိုးစစ်ဆင် တိုက်ခိုက်နေတာ ဖြစ်ပါတယ်။