PR စနစ် မကျင့်သုံးရေး ရန်ကုန်မြို့လယ်မှာ တောင်းဆို ဆန္ဒပြ
2014.08.05

လာမယ့် ရွေးကောက်ပွဲတွေမှာ ပီအာ ခေါ် အချိုးကျကိုယ်စားပြုစနစ်ကို မကျင့်သုံးဖို့ ပြည်သူ့ လှုပ်ရှားမှု မြှင့်တင်ရေးကွန်ရက် အဖွဲ့ဝင် ၁၀၀ လောက် က ဒီနေ့ ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့မှာ ကန့်ကွက် ဆန္ဒပြခဲ့ပါတယ်။
ပီအာစနစ်ကို ကန့်ကွက်ဆန္ဒပြရတဲ့ ရည်ရွယ်ချက် ကို ပြည်သူ့လှုပ်ရှားမှု မြှင့်တင်ရေးကွန်ရက်တာဝန်ခံ ဦးကြည်လင်းက အခုလိုပြောပါတယ်။
"မြန်မာနိုင်ငံမှာ ဒီမိုကရေစီယဉ်ကျေးမှုက မထွန်းကားသေးဘဲနဲ့ ပြည်သူကိုမျက်စိလည်အောင် ၂ဝဝ၈ အခြေခံဥပဒေ ပြင်ဆင်ရေးကို တိမ်မြှုပ်ပျောက် ကွယ်သွားအောင်လုပ်တယ်လို့ ကျနော်ယူဆ ပါတယ်၊ ပြည်သူ့လှုပ်ရှားမှု မြှင့်တင်ရေးကွန်ရက် အနေနဲ့ ဒီပီအာစနစ်ကို ပြင်းပြင်းထန်ထန် ဆန့်ကျင်တယ်၊ ပြည်ထောင်စု လွှတ်တော်အနေနဲ့ ဒီပီအာစနစ်ကို အမြန်ဆုံးရုပ်သိမ်းဖယ်ရှားပေးဖို့ ကျနော်တို့က တခဲနက်တောင်းဆိုတယ်"
ဒီနေ့ဆန္ဒပြသူတွေဟာ မြို့တော်ခန်းမရှေ့ကနေ အနော်ရထာလမ်း၊ ပန်းဆိုးတန်းနဲ့ မဟာဗန္ဓုလလမ်းတွေကိုဖြတ်ပြီး ပီအာစနစ်ကို အလိုမရှိကြောင်းနဲ့ ပြည်သူတွေဟာ ပီအာစနစ်ကို နားမလည်တဲ့အကြောင်း ကြွေးကြော်ကန့်ကွက် ခဲ့ကြတာ ဖြစ်ပါတယ်။
လွှတ်တော်တွင်းမှာ ပီအာစနစ်ကို အကောင်ထည်ဖော်ဖို့ ဆောင်ရွက်နေတာဟာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ဖို့ကြိုးစားချိန်နဲ့ အချိန်ကိုက်ဖြစ်နေတာကြောင့် သံသယဖြစ်စရာကောင်းတယ် လို့ ပြည်သူ့လှုပ်ရှားမှု မြှင့်တင်ရေးကွန်ရက်က ဒီကနေ့ ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။
ပဲခူးတိုင်းဒေသကြီး ပြည်မြို့က နိုင်ငံရေး အကျဉ်းသားဟောင်းတွေ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေနဲ့ ဒေသခံတွေ ကလည်း ပီအာစနစ်ကို ကန့်ကွက်ကြောင်း မနေ့က ပြည်မြို့မှာ ဆန္ဒပြခဲ့ကြပါတယ်။
ဒီကနေ့ ရန်ကုန်မြို့လယ်က ဆန္ဒပြပွဲအကြောင်း RFA သတင်းထောက် မဝေမာထွန်း တင်ပြထားတာ နားဆင်နိုင်ပါတယ်။