မြန်မာနဲ့ အမေရိကန် စစ်ရေးပူးပေါင်းမှု မကြာခင်စတင်မယ်
2012.12.19
ပင်တဂွန် အမေရိကန်စစ်ဌာနချုပ် ထိပ်ပိုင်းအရာရှိတစ်ဦးရဲ့ ဗုဒ္ဒဟူးနေ့ ပြောကြားချက်အရဆိုရင် မြန်မာ့တပ်မတော်က အရာရှိတွေကို လူသားချင်းစာနှာမှု ဆိုင်ရာ ကယ်ဆယ်ကူညီရေး၊ ခုခံကာကွယ်ရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုနဲ့ စစ်ဖက်ဆိုင်ရာ ဆေးဝါးကုသရေး ကဏ္ဍတွေမှာ အမေရိကန်တပ်မတော်က သင်တန်းပု့ိချမှာ ဖြစ်ပါတယ်။
အမေရိကန်နဲ့ မြန်မာစစ်တပ်တွေအကြား ဆက်ဆံရေးကို တဆင့်ပြီးတဆင့် တိုးမြှင့်သွားမှာဖြစ်ကြောင်းနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကို မကြာခင်မြင်ရမှာ ဖြစ်ကြောင်းလည်း အဲဒီ ပင်တဂွန် အရာရှိက ပြောပါတယ်။
မဟာဗျူဟာပြောင်းလဲကျင့်သုံးနေတဲ့ အမေရိကန်ပြည်ထောင်စုဟာ တရုပ်သြဇာကြီးနေတဲ့ မြန်မာနိုင်ငံနဲ့ ဆက်ဆံရေး တိုးမြှင့်ဖို့ အထူးလိုလားနေတယ်လို့ သတင်းတွေက ဆိုပါတယ်။
လာမယ့်နှစ်အတွင်း ထိုင်းနိုင်ငံမှာ ကျင်းပမယ့် စစ်ရေးလေ့ကျင့်ပွဲကို လေ့လာသူအဖြစ် မြန်မာတပ်မတော်အရာရှိတွေ တက်ရောက်ပါလိမ့်မယ်။
အဲဒီလေ့ကျင့်ပွဲဟာ အမေရိကန်နဲ့ အာရှမဟာမိတ်တပ်ဖွဲ့တွေ ပါဝင်တဲ့ အာရှတိုက်ရဲ့ အကြီးမားဆုံး စစ်ရေးလေ့ကျင့်ပွဲဖြစ်ပါတယ်။
အမေရိကန်အစိုးရဟာ တရုပ်ပြည်ရဲ့ အင်အားလွှမ်းမိုးမှုကို တုံ့ပြန်တဲ့အနေနဲ့ အာရှ ပစိဖိတ်ဒေသကို နောက်ဆုံးပေါ် စစ်သင်္ဘောတွေ လက်နက်တွေ စေလွှတ်ချထား ဖို့စီစဉ်နေပါတယ်။
အဲဒီလိုတပ်စွဲချထားမယ့် အင်အားစုတွေထဲမှာ ပီအိပ် အမျိုးအစား ရေငုတ်သင်္ဘောခြေရာခံ ထောက်လှမ်းရေး လေယာဉ်ပျံတွေ၊ ခရုစ်ဒုံးကျည်တွေ၊ ဗာဂျီးနီးယား အမျိုးအစား ရေငုတ်သင်္ဘောတွေ၊ ကမ်းရိုးတန်းဒေသသုံး တိုက်သင်္ဘောတွေနဲ့ တည်ဆောက်နေဆဲ နောက်ဆုံးပေါ် F35 တိုက်လေယာဉ်ပျံတွေ ပါဝင်ပါလိမ့်မယ်။
အမေရိကန်တပ်မတော်ရဲ့ အင်အား ထက်ဝက်ကျော်ကို အာရှပစိဖိတ်ဒေသမှာ တပ်စွဲချထားမယ်လို့ သိရပါတယ်။