အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ကို မြန်မာစစ်ဘေးဒုက္ခသည် နှစ်ရာကျော် ထပ်မံခိုလှုံလာ

မီဇိုရမ်ပြည်နယ်ထဲကို မြန်မာစစ်ဘေးဒုက္ခသည် ၂၀၅ ဦး စက်တင်ဘာဒုတိယပတ်အတွင်းမှာ ထပ်မံခိုလှုံလာတယ်လို့ စစ်ဘေးဒုက္ခသည်အရေး ကူညီပေးနေသူတွေက RFA ကို ပြောပါတယ်။

Shihhmui Refugee Camp (၂) တွင် နေထိုင်သည့် စစ်ဘေးဒုက္ခသည်များအား ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၅ ရက်နေ့က တွေ့ရစဥ်။ Youth for Myanmar Photo

အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ထဲကို မြန်မာစစ်ဘေးဒုက္ခသည် ၂၀၅ ဦး စက်တင်ဘာ ဒုတိယပတ်အတွင်းမှာ ထပ်မံခိုလှုံလာတယ်လို့ စစ်ဘေးဒုက္ခသည်အရေး ကူညီပေးနေသူတွေက စက်တင်ဘာ ၂၄ ရက် ဒီနေ့မှာ RFA ကို ပြောပါတယ်။

အသစ်ထပ်မံ ရောက်ရှိလာတဲ့ မြန်မာဒုက္ခသည်တွေဟာ မီဇိုရမ်ပြည်နယ်၊ ခေါဇောလ်ခရိုင်ထဲမှာ ခိုလှုံနေတာလို့ ဆိုပါတယ်။

ချင်းပြည်နယ်နဲ့ စစ်ကိုင်းတိုင်း ကလေးမြို့ဘက်က ဒုက္ခသည်တွေ အများဆုံး လာရောက်ကြတာဖြစ်ပြီး မကွေးတိုင်းဘက်ကလည်း အနည်းငယ် ပါဝင်တယ်လို့ စစ်ဘေးဒုက္ခသည် ကူညီပေးနေသူတစ်ဦးက RFA ကို ပြောပါတယ်။

“အသစ်ရောက်တဲ့သူတွေက စစ်ဘေးဒုက္ခသည်စခန်းတွေမှာ နေကြတာလည်း ရှိတယ်။ တချို့ကလည်း အိမ်ငှားနေကြတယ်။ ဆေးဝါးကုသဖို့ ပြောင်းလာကြတာတွေ ရှိသလို တိုက်ပွဲကို ကြိုရှောင်လာသူတွေလည်း ပါတယ်ပေါ့။ အကူအညီတွေကလည်း အခုနောက်ပိုင်းက မရဝော့ဘူး”

မီဇိုရမ်ပြည်နယ် အစိုးရရဲ့စာရင်းအရ မြန်မာဘက်က ခိုလှုံလာတဲ့ စစ်ဘေးဒုက္ခသည် သုံးသောင်းသုံးထောင်ကျော် (၃၃,၉၆၁) ရှိတယ်လို့ ဒေသတွင်း သတင်းတွေမှာ ဖော်ပြထားပါတယ်။

ချင်းအရပ်ဘက် အဖွဲ့အစည်းတွေရဲ့ စာရင်းအရတော့ မြန်မာဘက်ကနေ မီဇိုရမ်နဲ့ မဏိပူရ်ပြည်နယ်တွေမှာ ခိုလှုံနေကြတဲ့ မြန်မာဒုက္ခသည် ခုနစ်သောင်းဝန်းကျင် ရှိနေပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org