နေပြည်တော် NLD ဥက္ကဋ္ဌ ဦးမင်းသူ ကို ရုံးထုတ်
NLD ပါတီ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဦးမင်းသူကို ပုဒ်မ ၅၀၅-က နဲ့ စစ်ကောင်စီက အမှုဖွင့် ဖမ်းဆီးခဲ့ပြီးနောက် ရက်ပေါင်း ၅၆ ရက်အကြာ ဒီနေ့မှာတော့ နေပြည်တော် အချုပ်ထောင်က ယာယီတရားရုံးမှာ ရုံးထုတ်ခဲ့ပါတယ်။
- 2021-04-23
-
-
-
NLD ပါတီ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဦးမင်းသူကို ပုဒ်မ ၅၀၅-က နဲ့ စစ်ကောင်စီက အမှုဖွင့် ဖမ်းဆီးခဲ့ပြီး နောက် ရက်ပေါင်း ၅၆ ရက်အကြာ ဒီနေ့မှာတော့ နေပြည်တော် အချုပ်ထောင်က ယာယီတရားရုံးမှာ ရုံးထုတ်ခဲ့ပါတယ်။
ဒီနေ့ ရုံးထုတ်မှာ ဦးမင်းသူရဲ့ အမှုကို လိုက်ပေးဖို့အတွက် ရှေ့နေ ခုနစ်ဦးရဲ့ ကိုယ်စားလှယ်လွှဲစာ တရားရုံးကို တင်ခဲ့တယ်လို့ အမှုကို လိုက်ပါဆောင်ရွက်ပေးမယ့် တရားလွှတ်တော်ရှေ့နေ တစ်ဦးက RFA ကိုပြောပါတယ်။
ဦးမင်းသူဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၆ ရက်နေ့က ဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။
စတင်ဖမ်းဆီးခံရစဥ်ကတည်းက ဒီနေ့အထိ သူ့မိသားစုနဲ့ တွေ့ခွင့်မရသေးသလို ရှေ့နေတွေနဲ့တောင် ဒီနေ့မှ ပထမဆုံးအကြိမ် တွေ့ဖြစ်တာလို့ အမှုကို လိုက်ပါဆောင်ရွက်ပေးမယ့် ရှေ့နေက ပြောပါတယ်။ ဦးမင်းသူရဲ့ ကျန်းမာရေး အခြေအနေကောင်းမွန်တာကို တွေ့ရပြီး နောက်ရုံးချိန်းကိုတော့ မေလ ၅ ရက်နေ့ကို ထပ်မံချိန်းဆိုထားတယ်လို့ သိရပါတယ်။
လက်ရှိမှာ ဦးသန့်ဇင်ထွန်းနဲ့ ဦးကျော်မင်းလှိုင်တို့လည်း ပုဒ်မ ၅၀၅-က နဲ့အမှုဖွင့် ဖမ်းဆီးခံထားရပြီး အမှု ရင်ဆိုင်နေရတာဖြစ်ပါတယ်။
ဦးမင်းသူဟာ နေပြည်တော်ကောင်စီနယ်မြေအတွင်းမှာ အစိုးရဝန်ထမ်းတွေကို CDM မှာ ပါဝင်လာဖို့ အဓိက ကြိုးကိုင်ဆောင်ရွက်မှုကြောင့် ရာဇသတ်ကြီး ပုဒ်မ ၅၀၅ (က)နဲ့ ဖမ်းဆီးအရေးယူထားကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်ခဲ့တာပါ။
ဒါ့အပြင် ဦးမင်းသူ ထွက်ဆိုချက်အရ နေပြည်တော်က အမတ်တွေဖြစ်တဲ့ ဦးကျော်မင်းလှိုင်၊ ဦးသန့်ဇင်ထွန်း တို့ကိုလည်း အမှုဖွင့် အရေးယူထားကြောင်း စစ်ကောင်စီက ကြေညာခဲ့ပါတယ်။