တိုက်ပွဲများ ရပ်စဲရေး ကြိုးစားဖို့ RCSSကို မင်းကိုနိုင် တိုက်တွန်း
ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေရပ်တန့်ဖို့အတွက် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့ အစည်း ခေါင်းဆောင် ကိုမင်းကိုနိုင်က ရှမ်းပြည်ပြန်လည် ထူထောင်ရေး ကောင်စီ/ရှမ်းပြည်တပ်မတော် RCSS/SSA အဖွဲ့နဲ့ တွေ့ဆုံစဉ် မေတ္တာရပ်ခံခဲ့ပါတယ်။
-
2016-02-16 -
-
-
ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေရပ်တန့်ဖို့အတွက် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်း လူ့အဖွဲ့အစည်း ခေါင်းဆောင် ကိုမင်းကိုနိုင်က ရှမ်းပြည်ပြန်လည် ထူထောင်ရေး ကောင်စီ/ရှမ်းပြည်တပ်မတော် RCSS/SSA အဖွဲ့နဲ့ တွေ့ဆုံစဉ် မေတ္တာရပ်ခံခဲ့ပါတယ်။
၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းဟာ မနေ့ညက RCSS/SSA အဖွဲ့က ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး စိုင်းအွမ်ခေး၊ ဒုတိယဗိုလ်မှူးကြီး စိုင်းခေါင်တို့နဲ့ ကျောက်မဲမြို့ဘိုးဘွားရိပ်သာမှာ တွေ့ဆုံခဲ့တာဖြစ် ပါတယ်။
အဲဒီလို ဆွေးနွေးခဲ့တာကို ကိုမင်းကိုနိုင်က အခုလိုပြောပါတယ်။
"ကျနော်ညကပဲ RCSS ကရောက်လာတဲ့ ဒီဒေသမှာရှိတဲ့ တာဝန်ရှိတဲ့ပုဂ္ဂိုလ်တွေနဲ့ ကျနော်စကားပြောပြီး ပါပြီ၊ ကျနော်တို့ဒီကိုလာတာ အချက် ၃ ချက်ရှိတယ်၊ ၁ အချက်က ရုပ်ဝတ္တုတွေတတ်နိုင်သမျှ ထောက်ပံ့ မယ်၊ ၂ အချက်က စိတ်ဓါတ်ရေးရာအရ ကူညီပြီးတော့ ရပ်ခံပေးရမှာပေါ့နော်၊ အားပေးရမယ်၊ ကျနော်တို့ တစ်ပြည်လုံးကစိတ်ပူနေတယ်၊ သူတို့အတွက်ဘာလုပ်ပေးရမလဲ အသင့်ရှိနေတယ်ဆိုတာ ကျနော် တို့ပြောပြတယ်၊ တတိယအချက်ကတော့ ဒီစစ်ပွဲကိုကျနော်တို့ရပ်ဆိုင်းဖို့ နှစ်ဖက်စလုံးကို မေတ္တာရပ်ခံ ပန်ကြားမှပဲ၊ ဘာလို့လည်းဆိုတော့ ကြာလာသည်နှင့်အမျှ ပိုပြီးတော့ စိတ်တွေမှာ နာကြည်းမှုတွေဖြစ် လိမ့်မယ်၊ အဲ့ဒါက ပြည်ထောင်စုတွက် ကောင်းတဲ့လက္ခဏာ မဟုတ်ဘူး၊ နောက်ပြီးတော့အမြဲ အတူနေရမယ့် ညီကိုတွေ၊ ဒီကြားထဲမှာ ကျနော်တို့က ပြီးခဲ့တဲ့အပိုင်းကို နောက်မှဆက်ဆွေးနွေးတာပေါ့၊ စစ်ကိုတော့ ကျနော်ရပ်စေချင်တယ်၊ အဲ့တွက်ကြောင့် နှစ်ဖက်လုံးကို မေတ္တာရပ်ခံမှာပါ၊ ကျနော် TNLA အဖွဲ့ကိုလည်း ကျနော်မေတ္တာရပ်ခံမှာပါ"
RCSS/SSA အဖွဲ့ဟာ အစိုးရနဲ့ NCA စာချုပ်မှာလက်မှတ် ရေးထိုးပြီးနောက်ပိုင်းမှာ TNLAနဲ့ တိုက်ပွဲတွေဖြစ်ပွားနေ ပါတယ်။ လက်ရှိဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ နဲ့ပတ်သက်ပြီး လူမှုကွန်ယက်တွေမှာ ရေးသားနေကြတာတွေကို ချင့်ချိန်ပြီးမှ ယုံကြဖို့နဲ့ တိုင်းရင်းသား အချင်းချင်း အမုန်းမပွားကြဖို့ RCSS/SSA တောင်ကြီး ဆက်ဆံရေးရုံးတာဝန်ခံ ဗိုလ်မှူးစိုင်းဦး ကပြောပါတယ်။
"အခုဖြစ်နေတာက အမှန်ဆိုရင် TNLAနဲ့ RCSS ကဖြစ်တယ်ဆိုပေမယ့်လည်း တပ်တပ်ခြင်းဖြစ် တာပေါ့နော်၊ ဥပမာ ဒီတအာင်း ပလောင်နဲ့ ကျနော်တို့ရှမ်းမျိုးတွေက တစ်ပြည်နယ်တည်းနေတဲ့ ရှေးအရင် တည်းက တူတူနေလာခဲ့တာ၊ ဘာမှပြဿနာမဖြစ်ခဲ့ဘူး၊ တပ်နှစ်ဘက်ကဖြစ်လို့ လူမျိုးရေးကို ကျနော်တို့လည်း မဖြစ်စေချင်ဘူး၊ ဒီလူငယ်တွေကိုလည်း၊ ဒီဆိုရှယ်မီဒီယာတွေကိုလည်း သိပ်ပြီးတော့ တချို့ဟာတွေက ကျနော်တို့လူမျိုးရေးဖြစ်အောင် လာဖွနေသလိုဖြစ်နေတယ်"
ကျောက်မဲမြို့နယ်အတွင်းမှာ RCSS/SSA နဲ့ TNLA တပ်တွေ တိုက်ပွဲဖြစ်ပွား နေတာကြောင့် နေရပ်စွန့်ခွာလာသူ သုံးထောင်ကျော်ရှိနေပြီး ဘုန်းတော် ကြီးကျောင်းတွေနဲ့ဘိုးဘွားရိပ်သာတွေမှာ နေရာချထားပေးပါတယ်။
၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက ကိုမင်းကိုနိုင်၊ ကိုဂျင်မီ နဲ့ စမ်းချောင်းကိုကိုကြီးတို့ ဟာ ကျောက်မဲမြို့ပေါ် ရောက်ရှိနေတဲ့ စစ်ဘေး ဒုက္ခသည်တွေ အတွက် ဆေးဝါး၊ အဝတ်အထည် နဲ့ အသုံးအဆောင် ပစ္စည်းတွေကို မနေ့က ပေးအပ်လှူဒါန်းခဲ့တာဖြစ်ပြီး RCSS/SSA အဖွဲ့ကလည်း အစားအသောက်တွေ လှူဒါန်းခဲ့ ပါတယ်။