မင်းလှမြို့ ဆူပူအကြမ်းဖက်မှုကြောင့် ဒုက္ခသည် ၁၀၀ ကျော် ရန်ကုန် ရောက်ရှိ
2013.03.30
မင်းလှမြို့က ဒုက္ခသည် ၁၀၀ ကို ရွှေဝါရောင် သံဃာတော်များကွန်ရက်နဲ့ ငြိမ်းချမ်းမှု တည်ဆောက်ရေး ကွန်ရက်တို့ ပူးပေါင်းပြီး ရန်ကုန်မြို့ကို ခေါ်ဆောင်လာကြောင်း RFA က စုံစမ်းသိရပါတယ်။
ခေါ်ဆောင်လာသူတွေထဲမှာ မင်းလှ၊ ပေါင်းတည်၊ အုပ်ဖို၊ နတ်တလင်းမြို့တွေမှာ အဓိကရုဏ်းတွေဖြစ်ပွားနေတာကြောင့် ထွက်ပြေးတိမ်းရှောင်လာတဲ့ ဒုက္ခသည်တွေ ပါဝင်တယ်လို့ သိရပါတယ်။
ဒီဒုက္ခသည်တွေကို ဒေသဆိုင်ရာအာဏာပိုင်တွေနဲ့ ပူးပေါင်းခေါ်ဆောင်လာတာဖြစ်ပြီး မင်္ဂလာတောင်ညွန့်မြို့နယ်မှာရှိတဲ့ ၁၀၁ လမ်းဗလီမှာ ဒုက္ခသည်စခန်းဖွင့်လှစ်ပြီး ခေတ္တနေရာချပေးထားကြောင်း ငြိမ်းချမ်းမှုတည်ဆောက်ရေး ကွန်ရက်က ကိုထွန်းကြည်က RFA ကိုပြောပါတယ်။
ဒုက္ခသည်တွေထဲက ဗုဒ္ဓဘာသာဝင် ၅ ဦးဟာ ဒလမြို့နယ်မှာရှိတဲ့ ဆွေမျိုးတွေဆီကို သွားရောက်လိုကြောင်း ပြောကြားခဲ့တာကြောင့် အာဏာပိုင်အဖွဲ့တွေနဲ့ ပူးပေါင်းပြီး သွားရောက်ခွင့်ပြုခဲ့ပြီး လက်ရှိအချိန်မှာ ဒုက္ခသည် ၉၅ ဦးကျန်ရှိနေသေးတယ်လို့ ကိုထွန်းကြည်က ဆက်ပြောပါတယ်။
ဒုက္ခသည်တွေကို မနေ့ည ၈ နာရီခန့်က မင်္ဂလာတောင်ညွန့်မြို့နယ် ပြည်သူလွှတ်တော် ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်းနဲ့ အတူ ပွင့်လင်း လူဘောင်အဖွဲ့က မနီလာသိန်းနဲ့အဖွဲ့၊ နာရေးကူညီမူအသင်းက ဒေါ်သန်းမြင့်အောင်တို့လည်း လာရောက်တွေ့ဆုံပြီး အားပေးစကား ပြောခဲ့တယ်လို့ သိရပါတယ်။
အလားတူ မင်္ဂလာတောင်ညွန့်မြို့နယ် အုပ်ချုပ်ရေးမူးနဲ့တကွ ဒေသအာဏာပိုင်တွေကလည်း ဒုက္ခသည် တွေကို ဆွေးမျိုးသားချင်းများထံကို သွားရောက်နိုင်ရေးနဲ့ တခြား လိုအပ်တဲ့ အကူအညီများ ပေးလျက်ရှိတယ်လို့ သိရပါတယ်။
ရန်ကုန်မြို့ကို ရောက်ရှိလာတဲ့ ဒုက္ခသည်တွေရဲ့ အခြေအနေများနဲ့ ပတ်သက်ပြီး ဒေါ်ဖြူဖြူသင်းကို ဦးတင်အောင်ခိုင်က ဆက်သွယ်မေးမြန်းထားပါတယ်။