မင်းကင်းမှာ လေကြောင်းက ဗုံးကြဲလို့ တစ်ဦးသေဆုံး၊ လေးဦးဒဏ်ရာပြင်းထန်

မင်းကင်းမြို့နယ် ပျဥ်းကိုင်းရွာကို စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဥ်နဲ့ ဗုံးကြဲတိုက်ခိုက်တာကြောင့် အရပ်သားတစ်ဦးသေဆုံးပြီး လေးဦးဒဏ်ရာခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကိုင်းတိုင်း မင်းကင်းမြို့အဝင်တစ်နေရာအား တွေ့ရစဉ်။ မင်းကင်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့

စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ် ပျဥ်းကိုင်းရွာကို ဇူလိုင်လ ၂၈ ရက်နေ့ ညပိုင်းမှာ စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဥ်နဲ့ ဗုံးကြဲတိုက်ခိုက်တာကြောင့် အရပ်သားတစ်ဦးသေဆုံးပြီး လေးဦးဒဏ်ရာခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

တိုက်ပွဲဖြစ်တာမရှိဘဲ ပေါင် ၂၅၀ ဗုံး နှစ်လုံးကြဲချခဲ့လို့ အရပ်သားတွေ ထိခိုက်၊ သေဆုံးသလို နေအိမ်ငါးလုံး ပျက်စီးသွားတယ်လို့ မင်းကင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဦးဌေးက RFA ကို ပြောပါတယ်။

“ရွာထဲကို ပေါင် ၂၅၀ ဗုံးနှစ်လုံး တစ်ခါတည်းကြဲသွားတယ်။ အမျိုးသားတစ်ယောက် ခေါင်းပွင့်ပြီး သေဆုံးသွားတယ်။ လူလေးယောက်ကတော့ ခေါင်းတွေ ခြေထောက်တွေမှာ ပြင်းထန်ဒဏ်ရာရသွားတယ်။ အခြေအနေကတော့ စိုးရိမ်ရတယ်လို့ သိရတယ်။ သွေးထွက်လွန်နေလို့ ဆေးရုံဆေးခန်းကို အမြန်ဆုံးရောက်အောင် လုပ်နေတယ်”

သေဆုံးသူနဲ့ ဒဏ်ရာရသူတွေရဲ့ အမည်နဲ့ အသက်အရွယ်ကိုတော့ မသိရသေးဘူးလို့ သူက ပြောပါတယ်။

ဗုံးကြဲတိုက်ခိုက်ခံရပြီးနောက် ပျဉ်းကိုင်းရွာအပါအဝင် ရှမ်းချောင်း၊ တဲကြီး၊ သင်းဝင်၊ ပန်းကောက်နဲ့ ဇလုပ်မရွာတွေက ဒေသခံသုံးထောင်ကျော်လည်း ညတွင်းချင်း ဘေးလွတ်ရာကို တိမ်းရှောင်နေရတယ်လို့ ဆိုပါတယ်။

ဇွန်လဆန်းပိုင်းကလည်း ပျဉ်းကိုင်းရွာကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ကလေးတစ်ဦးအပါအဝင် အရပ်သားသုံးဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရသူ တိုင်းလူမှုရေးဝန်ကြီး ဦးညွန့်ဝင်းအောင်ကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမဲ့ ပြန်လည်ဖြေဆိုတာ မရှိပါဘူး။

အိမ်ခြေသုံးရာခန့်ရှိတဲ့ ပျဉ်းကိုင်းရွာဟာ မင်းကင်းမြို့ရဲ့မြောက်ဘက် မိုင်နှစ်ဆယ်ခန့်အကွာမှာတည်ရှိပြီး ကလေးဝ၊ တန့်ဆည်၊ ကျွန်းလှမြို့နယ်တွေနဲ့ နီးကပ်ပါတယ်။

ဇွန် ၃ ရက်နေ့ကလည်း မင်းကင်းမြို့နယ် မတောရွာကို စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့လို့ လူသုံးဆယ်ထက်မနည်း သေဆုံးခဲ့ပြီး နောက်ထပ် လူခြောက်ဆယ်ကျော် ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org