ရခိုင်မှာ PDF နဲ့ ဆက်စပ်တယ်ဆိုပြီး လူငယ်တစ်ဦး ထောင် ၁၀ နှစ် ချမှတ်ခံရ
2022.02.25
ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် ပန်းမော်ကျေးရွာက အသက် ၂၃ နှစ်အရွယ် ကိုမင်းဒီပါ (ခေါ်) ကိုအောင်မြင့်နိုင်ဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) နဲ့ ဆက်စပ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ မြောက်ဦးခရိုင်တရားရုံးကနေ ဒီကနေ့ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၁၀ နှစ်ချမှတ်ခံလိုက်ရပါတယ်။
အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀ - (ည)နဲ့ ချမှတ်ခံလိုက်ရတာလို့ အမှုကို လိုက်ပါ ဆောင်ရွက်ပေးနေတဲ့ တရားလွှတ်တော်ရှေ့နေ ဦးကျော်စိုးလင်း က RFA ကို ပြောပါတယ်။
“ကိုမင်းဒီပါကို ဒီနေ့မှာပဲ မြောက်ဦးခရိုင်တရားရုံးကနေ ၅၀ (ည) နဲ့ ထောင်ဒဏ် ၁၀ နှစ် ချလိုက်ပါတယ်။ အနိမ့်ဆုံးပြစ်ဒဏ်ကို ချမှတ်လိုက်တာပါ။ အဲဒီပုဒ်မက ထောင်ဒဏ်တစ်သက် တစ်ကျွန်းချလို့ပါတယ်။ ကျနော်တို့ အတတ်နိုင်ဆုံး ကြိုးစားခဲ့တာပါပဲ။ ဆက်လက်ပြီးတော့ အယူခံဝင်သွားဖို့တော့ရှိပါတယ်”
သူဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် အောက်တိုဘာလ ၁၅ ရက်နေ့က PDF နဲ့ ဆက်စပ်တယ်ဆိုပြီး သူရဲ့နေအိမ်ကနေ ဖမ်းဆီးခံခဲ့ရတာပါ။ သူ့ကို မြောက်ဦးမြို့မ ရဲစခန်းမှူးက တရားလိုလုပ်ပြီး တရားစွဲဆိုထားတာဖြစ်ပါတယ်။
ကိုမင်းဒီပါ (ခေါ်) ကိုအောင်နိုင်မြင့်ဟာ သူ့ရဲ့ “မာယာကင်းမဲ့ဇုန်” ဆိုတဲ့ ဝတ္ထုစာအုပ်အတွက် စာမူခကို ဘဏ်ကထုတ်ယူစဉ် သံသယနဲ့ ဖမ်းဆီးခံခဲ့ရတာဖြစ်ပြီး သူဟာ PDF နဲ့ လုံးဝဆက်စပ် မှုမရှိဘူးလို့ မိသားစုဝင်တွေက RFA ကို ပြောဆိုထားပါတယ်။
ရခိုင်ပြည်နယ်မှာ ပြည်သူ့ကာကွယ်တပ်ဖွဲ့ (PDF) နဲ့ ဆက်စပ်တယ်ဆိုပြီး အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မတွေနဲ့ ဖမ်းဆီးတရားစွဲခံရတာ အမျိုးသမီး ငါးဦးနဲ့ အမျိုးသား လေးဦး စုစုပေါင်း ကိုးဦးအထိ ရှိနေပါတယ်။
အဲဒီအထဲမှာ သံတွဲမြို့နယ်က အများဆုံးဖြစ်ပြီး တောင်ကုတ်မြို့က နှစ်ဦး၊ ကျောက်ဖြူ၊ မြောက်ဦး စတဲ့မြို့နယ်တွေက တစ်ဦးစီပါဝင်ပါတယ်။