မင်းတပ်မြို့မှာ စစ်တပ်က ဖမ်းဆီးထားသူ ခြောက်ဦးကို ပြန်လွှတ်ပေးဖို့ တောင်းဆို
ဒေသပြည်သူ့ကာကွယ်ရေးအဖွဲ့နဲ့ စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲတွေဖြစ်နေတဲ့ ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်မြို့မှာ ဧပြီ ၂၉ ရက်ဒီနေ့မှာ စစ်တပ်က ဖမ်းဆီး ထားတဲ့ ဒေသခံ ခြောက်ဦးကို ပြန်လွှတ်ပေးဖို့အပါအဝင် အချက် သုံးချက်ကို မင်းတပ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က တောင်းဆိုလိုက်ပါတယ်။
- 2021-04-29
-
-
-
ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်မြို့နယ်၊ ရွှင်းတွီကျေးရွာမှာ စစ်အာဏာရှင် ဆန့်ကျင်ကြောင်း ၂၀၂၁ ဖေဖော်ဝါရီ ၂၈ ရက်နေ့က ဆန္ဒပြနေကြစဉ်။
Photo: CJ
ချင်းပြည်နယ် တောင်ပိုင်း မင်းတပ်မြို့မှာ စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားပြီး စစ်တပ်ကို တော်လှန် တိုက်ခိုက်နေတဲ့ မင်းတပ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (CDF) ကနေ ဖမ်းဆီးခံထားရတဲ့ ဒေသခံခြောက်ဦးကို ပြန်လွှတ်ပေးဖို့၊ မြို့ထဲမှာ စစ်တပ်က လက်နက်ကိုင်သွားလာခြင်း မပြုဖို့နဲ့ အိမ်တွေမှာ လက်နက်တွေ ရှာဖွေ ဖမ်းဆီးတာတွေ မလုပ်ဖို့ စစ်တပ်တာဝန်ရှိသူတွေကို ဒီနေ့ တောင်းဆိုလိုက်တာပါ။
မင်းတပ်မြို့မိမြို့ဖတွေ၊ ဘာသာရေးခေါင်းဆောင်တွေ၊ ရဲအငြိမ်းစားတွေ ပါဝင်တဲ့ ကြားခံညှိနှိုင်းရေး အဖွဲ့ကနေ တစ်ဆင့် တောင်းဆိုလိုက်တာလို့ ညှိနှိုင်းရေးအဖွဲ့မှာ ပါဝင်တဲ့ အမည်မဖော်လိုသူ တစ်ဦးက ပြောပါတယ်။
လူချင်းတွေ့ဆုံ တောင်းဆိုတာမျိုး မဟုတ်ဘဲ ကြားခံညှိနှိုင်းရေးအဖွဲ့ကို တယ်လီဖုန်းနဲ့ ဆက်သွယ်ပြီး သူတို့ရဲ့ လိုလားချက်တွေကို တောင်းဆိုခဲ့တာလို့ဆိုပါတယ်။
မင်းတပ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (CDF) ရဲ့ တောင်းဆိုချက်တွေကို စစ်တပ်ဘက်က အထက်အရာရှိတွေထံ တင်ပြပြီးမှ ပြန်လည်အကြောင်းပြန်သွားမယ့်အကြောင်း ပြောဆိုခဲ့တယ်လို့လည်း ညှိနှိုင်းမှုမှာ ပါဝင်သူ တစ်ဦးက ပြောပါတယ်။
မင်းတပ်မြို့မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး စတေကာသပိတ် ပြုလုပ်တဲ့ လူငယ် ခုနစ်ဦးကို ရဲက ဖမ်းဆီး ခဲ့တာကို ပြန်လွှတ်ပေးဖို့ တောင်းဆိုရာကနေ အဆင်မပြေဘဲ မင်းတပ် ပြည်သူ့ကာကွယ်ရေးအဖွဲ့နဲ့ စစ်တပ်တို့ အကြား ဧပြီလ ၂၄ ရက်နေ့ ကနေ ၂၈ ရက်နေ့အထိ တိုက်ပွဲတွေ ဖြစ်ခဲ့တာပါ။
ဒီတိုက်ပွဲတွေ အတွင်း တပ်မတော်ဘက်က ၁၅ ဦးထက် မနည်းကျဆုံးခဲ့သလို စစ်သုံးကားအချို့ပါ မီးလောင် ခဲ့တယ်လို့ ဒေသခံတွေက ပြောဆိုထားကြပါတယ်။
မင်းတပ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (CDF) ဘက်ကတော့ ထိခိုက်တာမရှိဘူးလို့ ဆိုပါတယ်။
စစ်တပ်ဘက်ကတော့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (CDF) ဘက်ကနေ မြို့ပေါ်မှာ ခံတပ်တွေလုပ်ပြီး ပိတ်ဆို့ ထားတာတွေကို ပြန်ရုပ်သိမ်းဖို့ တောင်းဆိုထားတယ်လို့လည်း မင်းတပ်မြို့ခံတွေက ပြောပါတယ်။
စစ်တပ်ဘက်က တောင်းဆိုချက်ကို လိုက်လျောဖို့ဆိုတာ ဒီနေ့တောင်းဆိုချက်ကို စစ်တပ်ဘက်က ဘယ်လောက်လုပ်ပေးမလဲဆိုတဲ့ အပေါ်မှာ မူတည်တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မင်းတပ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(CDF) အဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
လိုက်လျောမှုတွေ ဖြစ်မြောက်ခဲ့ရင် သူတို့ ဖယ်ရှားပေးတဲ့ နေရာမှာ စစ်တပ်က တပ်ပြန်စွဲလာမှာကိုတော့ မလိုလားဘူးလို့လည်း သူကပြောပါတယ်။
ဒီနေ့ ညှိနှိုင်းရေးအဖွဲ့ကနေ တစ်ဆင့် နှစ်ဖက်ဆက်သွယ်ညှိနှိုင်းမှုဟာ ဒုတိယအကြိမ် ဖြစ်ပါတယ်။
ပထမအကြိမ်ကတော့ ဧပြီလ ၂၇ ရက်နေ့ညက ဖြစ်ပါတယ်။
အဲဒီနေ့ကတော့ ဧပြီလ ၂၄ ရက်နေ့ကပင် မင်းတပ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(CDF)က မင်းတပ်-မတူပီ လမ်းမှာ ကြားဖြတ်တိုက်ခိုက်ပြီး ပိတ်ဆို့ထားတဲ့ စစ်သားတွေအတွက် လမ်းကိုပြန်ဖွင့်ပေးဖို့ စစ်တပ်က တောင်းဆိုပြီး စတေကာသပိတ်ပြုလုပ်ရင်း ဖမ်းဆီးခံထားရသူ ခုနစ်ဦးကို စစ်တပ်က ပြန်လွှတ်ပေးခဲ့ပါတယ်။
မင်းတပ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ကလည်း လမ်းကိုပြန်ဖွင့်ပေးခဲ့တယ်လို့ ဆိုပါတယ်။
အခုတစ်ခါ မင်းတပ်မြို့ပေါ်မှာ ခံတပ်တွေနဲ့ အတားအဆီးတွေ ပြုလုပ်ပြီး တိုက်ခိုက်ဖို့ ပြင်ဆင်ထားတာတွေကို ဖယ်ရှားဖို့ စစ်တပ်က ထပ်မံပြောဆိုထားတာဖြစ်သလို မင်းတပ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ကလည်း စစ်တပ်က ဖမ်းဆီးပြီး နောက်ထပ် ကျန်ရှိနေတဲ့ ဒေသခံ ခြောက်ဦးကို ပြန်လွှတ်ပေးရေး အပါအဝင် အချက် သုံးချက်ကို ဒီနေ့ တောင်းဆိုလိုက်တာလည်း ဖြစ်ပါတယ်။
အဲဒီ ဒေသခံ ခြောက်ဦးကတော့ ဆန္ဒပြရာမှာ ပါဝင်တာမဟုတ်ဘဲ လမ်းတွေမှာသွားလာရင်း ဖမ်းဆီးခံထား ရသူတွေ ဖြစ်တယ်လို့ မြို့ခံတွေက ပြောပါတယ်။