ဥသျှစ်ပင်မှာ စစ်မှုထမ်းသင်တန်းအတွက် လူငယ်သုံးဆယ်ခန့် ဖမ်းဆီးစုဆောင်းခံရ
ပဲခူးတိုင်း ပန်းတောင်းမြို့နယ် ဥသျှစ်ပင်မြို့နဲ့ အနီးတစ်ဝိုက်ရွာတွေက လူငယ်သုံးဆယ်ခန့်ကို စစ်ကောင်စီတပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေက အပတ်စဥ် (၃) စစ်မှုထမ်းသင်တန်းအတွက် မေ ၂၈ ရက်နေ့မှာ လိုက်လံဖမ်းဆီးစုဆောင်းခဲ့ပါတယ်။
-
RFA Burmese
2024-05-28 -
-
-
ပဲခူးတိုင်း ပန်းတောင်းမြို့နယ် ဥသျှစ်ပင်မြို့နဲ့ အနီးတစ်ဝိုက်ရွာတွေက လူငယ် သုံးဆယ်ခန့်ကို စစ်ကောင်စီတပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေက အပတ်စဥ် (၃) စစ်မှုထမ်းသင်တန်းအတွက် မေ ၂၈ ရက်နေ့မှာ လိုက်လံဖမ်းဆီးစုဆောင်းခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဥသျှစ်ပင်မြို့အထွက် ပုသိမ်-မုံရွာ ကားလမ်းမပေါ်က ဘူးဘက်ရွာတံတား စစ်ဆေးရေးဂိတ်နဲ့ သူရဲတန်းတံတား စစ်ဆေးရေးဂိတ်နေရာတွေမှာ လမ်းသွားလမ်းလာလူငယ်တွေကို အဓိကထား ဖမ်းဆီးစုဆောင်းခဲ့တာလို့ ဆိုပါတယ်။
“အများစုက လမ်းသွားလမ်းလာလူငယ်တွေ အများစုဖမ်းခံရတာပေါ့။ မနေ့ကမှစတာ ဒီနေ့လည်း စစ်မှုထမ်းသင်တန်းအတွက် လူငယ်တွေ လိုက်ခေါ်မယ်လည်းကြားတယ်။ မြို့ထဲမှာတော့ ဒီနေ့ လူနည်းနည်းကျဲသွားတယ်။ လူငယ်တွေ သိပ်မထွက်ကြတော့ဘူး”
ဒီနေ့မှာလည်း ထပ်မံဖမ်းဆီးမှုတွေ လုပ်လိမ့်မယ်ဆိုတဲ့ သတင်းတွေကြောင့် ဥသျှစ်ပင်မြို့ပေါ်က အခြေခံပညာ အထက်တန်းအတွက် ဖွင့်ထားတဲ့ ကျူရှင်ဝိုင်းတွေနဲ့ ပြင်ပဘော်ဒါဆောင်တွေလည်း ပိတ်ထားတယ်လို့ သူက ဆိုပါတယ်။
ဒီအခြေအနေတွေနဲ့ပတ်သက်လို့ အသေးစိတ်သိနိုင်ဖို့ စစ်ကောင်စီရဲ့ ပဲခူးတိုင်းပြောခွင့်ရသူ တိုင်းစီးပွားရေးဝန်ကြီး ဦးတင်ဦးကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။
စစ်ကောင်စီဘက်ကတော့ အပတ်စဥ် (၃) စစ်မှုထမ်းသင်တန်းအတွက် လျာထားချက်ပြည့်မီအောင် လုပ်ဆောင်မယ်လို့ မေ ၂၀ ရက် နေပြည်တော်မှာပြုလုပ်တဲ့ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေး ဗဟိုအဖွဲ့အစည်းအဝေးမှာ ထုတ်ဖော်ပြောဆိုထားပါတယ်။
အဲဒီလိုပြောဆိုပြီးနောက်မှာတော့ တိုင်းနဲ့ ပြည်နယ်အသီးသီးမှာ စစ်မှုထမ်းရေးကိစ္စတွေကို မြို့နယ်နဲ့ ရပ်/ကျေးအဆင့် အုပ်ချုပ်ရေးအဖွဲ့ဝင်တွေက အရင်ထက် ဖိဖိစီးစီးလုပ်လာတယ်လို့ ဖိအားပေးခံရသူ မိသားစုဝင်တွေက ပြောကြပါတယ်။