စစ်ကောင်စီရိက္ခာယာဉ်တန်း ငဖဲမြို့နယ်မှာ တိုက်ခိုက်ခံရ
ဒီဇင်ဘာလ ၄ ရက်က စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ဝ နီးပါးပါတဲ့ ရိက္ခာတင်ယာဉ်သုံးစီးကို ငဖဲမြို့နယ် အမ်း-ပဒါန်းလမ်းပေါ်မှာ ကြားဖြတ်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
-
RFA Burmese
2024-12-05 -
-
-
အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ် အမ်းမြို့ကိုလာတဲ့ စစ်ကောင်စီတပ် ရိက္ခာယာဉ်တန်းကို ငဖဲမြို့နယ်မှာ ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ကိုးဦးသေဆုံးပြီး ကားနှစ်စီးပျက်စီးသွားကြောင်း လူထုတော်လှန်ရေးမဟာမိတ်အင်အားစု (PRA-Magway) က ဒီဇင်ဘာလ ၅ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။
ဒီဇင်ဘာလ ၄ ရက်နေ့က စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ဝ နီးပါးပါတဲ့ ရိက္ခာတင်ယာဉ်သုံးစီးကို မကွေးတိုင်း၊ ငဖဲမြို့နယ် အမ်း-ပဒါန်းလမ်းပေါ်က စွန်တက်ရွာနဲ့ လင်းတဲ့ရွာကြားမှာ ကြားဖြတ်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ကိုးဦးသေဆုံးခဲ့တာလို့ ရေးသားထားပါတယ်။ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ သေဆုံးတာနဲ့ပတ်သက်ပြီး RFA အနေနဲ့ သီးခြားအတည်ပြုနိုင်တာ မရှိသေးပါဘူး။
စစ်ကောင်စီရဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ - အမ်း) က ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ပိတ်ဆို့ဖမ်းဆီးတာတွေ လုပ်နေပြီး အမ်း - ပဒါန်းလမ်းပိုင်းမှာ လူထုတော်လှန်ရေးမဟာမိတ်အင်အားစု (PRA-Magway)၊ အရှိုချင်းကာကွယ်ရေးတပ် (ACDF)၊ မင်းဘူးခရိုင်တပ်ရင် (၂) စတဲ့ မဟာမိတ်ပူးပေါင်းတပ်တွေနဲ့ ထိတွေ့တိုက်ပွဲတွေ မကြာခဏဖြစ်ပွားနေတယ်လို့ ဆိုပါတယ်။
ဒီဇင်ဘာလ ၄ ရက်နေ့ကလည်း အမ်းမြို့တိုက်ပွဲက ထွက်ပြေးလာတဲ့ ဗိုလ်ကြီးတစ်ဦးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၂ ဦးကို လက်နက်ခဲယမ်းတွေနဲ့တူ ဖမ်းဆီးရမိခဲ့တယ်လို့ မဟာမိတ်ပူးပေါင်းတပ်ဖွဲ့ အရှိုချင်းကာကွယ်ရေးတပ် (ACDF) က သတင်းထုတ်ပြန်ထားပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာမရှိပါဘူး။
ပြီးခဲ့တဲ့ နိုဝင်ဘာလ ၃၀ ရက်နေ့က အမ်းမြို့ကို AA က ထိန်းချုပ်လိုက်ပြီးနောက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) ကို ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ ဒေသခံတွေက RFA ကို ဒီဇင်ဘာလ ၃ ရက်နေ့က ပြောဆိုထားပါတယ်။