ရိုဟင်ဂျာဒုက္ခသည် တစ်ထောင်ကျော် ပြန်လက်ခံဖို့ စစ်ကောင်စီပြင်ဆင်နေ

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒုက္ခသည်စခန်းတွေမှာ ထွက်ပြေးခိုလှုံနေကြတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေထဲက တစ်ထောင်ကျော်ကို ပြန်လည်လက်ခံနိုင်ဖို့ ပြင်ဆင်ဆောင်ရွက်နေပါတယ်။

၂ဝ၁၇ ခုနှစ်က မြန်မာစစ်တပ်၏ နယ်မြေရှင်းလင်းရေး စစ်ဆင်ရေးကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်ပြေးသွားကြသော ရိုဟင်ဂျာဒုက္ခသည်များကို တွေ့ရစဉ်။ AFP

ရခိုင်ပြည်နယ်ကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒုက္ခသည်စခန်းတွေမှာ ထွက်ပြေး ခိုလှုံနေကြတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေထဲက တစ်ထောင်ကျော်ကို စတင်ပြီး ပြန်လည်လက်ခံနိုင်ဖို့ ပြင်ဆင်ဆောင်ရွက်နေတယ်လို့ ဖေဖော်ဝါရီလ ၂၄ ရက် ဒီနေ့ထုတ် စစ်ကောင်စီရဲ့ မြန်မာအလင်းသတင်းစာမှာ ဖော်ပြပါတယ်။

ပြန်လည်လက်ခံရာမှာ မြန်မာနိုင်ငံမှာ နေထိုင်ခဲ့သူဖြစ်ရမယ်၊ မိမိဆန္ဒအရ ပြန်လာသူ ဖြစ်ရမယ်၊ ကွဲကွာနေတဲ့ မိသားစုဝင်တွေအတွက် ဘင်္ဂလားဒေ့ရှ်တရားရုံးရဲ့ မှန်ကန်ကြောင်း ထောက်ခံချက်ပါရမယ်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ မွေးဖွားတဲ့ ကလေးဆိုရင် မိဘနှစ်ဦးလုံးဟာ မြန်မာနိုင်ငံမှာ နေထိုင်ခဲ့သူဖြစ်ရမယ်၊ အဲဒီမှာ မွေးဖွားတဲ့ ကလေးတွေအတွက် မှန်ကန်ကြောင်း ဘင်္ဂလားဒေ့ရှ်တရားရုံးရဲ့ ထောက်ခံချက်ပါရမယ် စတဲ့အချက်(၅)ချက်နဲ့ လက်ခံသွားမယ်လို့ ဆိုပါတယ်။

အဲဒီဒုက္ခသည်တွေကို နေရပ်ပြန်လည်လက်ခံဖို့ ၂၀၁၈ ခုနှစ်နဲ့ ၂၀၁၉ ခုနှစ်တွေမှာ နှစ်ကြိမ်တိုင် ကြိုးပမ်းမှုတွေ ရှိခဲ့ပြီး အဲဒီအချိန်တုန်းက ပထမအကြိမ်လက်ခံဖို့ လျာထားသူ ၂၂၆၀ ဦးနဲ့ ဒုတိယ အကြိမ်အတွက် ၃၄၅၀ ဦး ရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။ ဒါပေမဲ့ နှစ်နိုင်ငံသဘောတူညီချက်နဲ့ တစ်ဦးတစ်ယောက်မှ ပြန်လာသူမရှိခဲ့တဲ့အတွက် အခုအကြိမ်မှာတော့ ပြန်လည်လက်ခံရေး ချောမွေ့ရေးအတွက် သက်ဆိုင်ရာဝန်ကြီး ဌာနတွေ၊ ညွှန်ကြားချက်တွေနဲ့ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်နေတယ်လို့လည်း ဆိုပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ရိုဟင်ဂျာဒုက္ခသည်စခန်းမှာ ခိုလှုံနေတဲ့ အာလီဂျိန်နာကတော့ ရိုဟင်ဂျာတွေဟာ နေရပ်ကို အမြန်ဆုံးပြန်လာချင်ကြပေမယ့် နိုင်ငံသားဖြစ်ခွင့်၊ လွတ်လပ်စွာ သွားလာလုပ်ကိုင်ခွင့်၊ လုံခြုံရေးအပြည့်အဝနဲ့ မူလနေရာမှာ ပြန်ထားမယ်ဆိုမှသာ နေရပ်ကိုပြန်လာမှာဖြစ်ပြီး အဲဒီလို အခွင့်အရေးတွေ မပေးဘူးဆိုရင်တော့ ပြန်လာကြမှာ မဟုတ်ဘူးလို့ RFA ကိုပြောပါတယ်။

စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်မှာတော့ အခုနေရပ်ပြန်လာသူတွေအတွက် ပြန်လည်လက်ခံရေး စခန်းတွေနဲ့ ကြားစခန်းတွေမှာ ပြင်ဆင်ထားပြီး အဲဒီနေရာတွေမှာ အသက်မွေးဝမ်းကျောင်းကိစ္စတွေ၊ ပညာရေး၊ ကျန်းမာရေး စတဲ့ အခြေခံ လိုအပ်ချက်တွေအတွက် ဆောင်ရွက်နေပြီလို့ဆိုပါတယ်။

ရခိုင်ပြည်နယ် မြောက်ပိုင်း ဘူးသီးတောင်၊ မောင်တောမြို့နယ်တွေမှာ ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ် စစ်ကောင်စီတပ်ရဲ့ နယ်မြေရှင်းလင်းမှုတွေကြောင့် ရိုဟင်ဂျာ ခုနစ်သိန်းခန့် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်ပြေး သွားခဲ့ရတာပါ။

စစ်ကောင်စီကတော့ အဲဒီကာလက ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးခိုလှုံသွားသူ ငါးသိန်းကျော်သာ ရှိတယ်လို့ ပြောဆိုပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org