အမ်း နပခ ဌာနချုပ်ကို တန်ပြန်ထိုးစစ်ဆင်နိုင်ဖို့ စစ်ကောင်စီ ကြိုးပမ်းနေ

အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်ကို ပြန်လည် ထိုးစစ်ဆင်နိုင်ရေးအတွက် စစ်ကောင်စီတပ် စစ်ကြောင်းတွေက အမ်းမြို့နဲ့ မိုင်နှစ်ဆယ်အကွာ တောင်စောက် တရုတ်ရေနံပိုက်လိုင်း ထိန်းချုပ်ရေးစခန်းနေရာမှာ အထိုင်ချပြီး လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေပါတယ်။

အမ်းမြို့၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) တိုင်းစစ်ရုံး အဆောက်အအုံ မီးလောင်နေသည်ကို ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၁၈ ရက်နေ့က AA ထုတ်ပြန်ထားစဥ်။ Telegram/ AA Info Desk

အာရက္ခတပ်တော် (AA) သိမ်းပိုက်ထားတဲ့ ရခိုင်ပြည်နယ် အမ်းမြို့က အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်ကို ပြန်လည် ထိုးစစ်ဆင်နိုင်ရေးအတွက် စစ်ကောင်စီတပ် စစ်ကြောင်းတွေက အမ်းမြို့နဲ့ မိုင်နှစ်ဆယ်အကွာ တောင်စောက် တရုတ်ရေနံပိုက်လိုင်း ထိန်းချုပ်ရေးစခန်းနေရာမှာ အထိုင်ချပြီး လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတယ်လို့ ဒေသခံတွေက ဒီဇင်ဘာ ၂၆ ရက်နေ့မှာ ပြောပါတယ်။

အဲဒီနေရာဟာ အမ်း-ပဒါန်းလမ်း (အမ်းတောင်ကြားလမ်း) ပေါ်မှာတည်ရှိပြီး စစ်ကောင်စီတပ် စစ်ကြောင်းတွေက အမ်းမြို့ဘက်ကို တဖြည်းဖြည်း ရှေ့တိုးလာနိုင်ရေး ကြိုးပမ်းနေတာလို့ ဆိုပါတယ်။

ဒီဇင်ဘာ ၂၅ ရက်နေ့ ညပိုင်းကတော့ စစ်ကောင်စီတပ်က အမ်းမြို့ပေါ်ကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ အမ်းဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“မနေ့ကဆိုရင် လေကြောင်းနဲ့ပစ်လို့ နပခ ဌာနချုပ်နဲ့ ပတ်ဝန်းကျင်မြို့ထဲက အဆောက်အအုံတွေ ပျက်စီးကုန်တာ၊ မီးလောင်သွားတာရှိတယ်”

ဒီအခြေအနေတွေနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ်ပြောခွင့်ရသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းနဲ့ AA ပြောခွင့်ရသူ ဦးခိုင်သုခတို့ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိသေးပါဘူး။

ရခိုင်ပြည်နယ်မှာ မြို့နယ် ၁၇ မြို့နယ်ရှိတဲ့အနက် ၁၃ မြို့နယ်ကို AA က သိမ်းပိုက်ထိန်းချုပ်ထားပြီး ရခိုင်ပြည်နယ် တောင်ဘက်အစွန်ဆုံး ဂွမြို့မှာ တစ်ခုတည်းကျန်နေတဲ့ စစ်ကောင်စီရဲ့ ခမရ-၅၆၂ တပ်ရင်းကိုလည်း AA က ထိုးစစ်ဆင်နေပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org