စဉ့်ကူးမြို့နယ်က ရေထွက်ကြီးရွာကို သုံးရက်အတွင်းပြောင်းရွှေ့ဖို့ စစ်တပ်က ခြိမ်းခြောက်
မန္တလေးတိုင်း စဉ့်ကူးမြို့နယ်မှာ စစ်တပ်နဲ့မြေယာအငြင်းပွားမှုဖြစ်နေတဲ့ ရေထွက် ကြီးကျေးရွာကို ဒီကနေ့ စက်တင်ဘာလ ၂၄ ရက်နေ့က စစ်ကားသုံးစီးနဲ့ စစ်သား တွေရောက်လာပြီး သုံးရက်အတွင်း ကျေးရွာကနေ ပြောင်းရွှေ့ပေးဖို့နဲ့ မပြောင်းရွှေ့ခဲ့ရင် ရွာကိုမီးရှို့မယ့်အကြောင်း ခြိမ်းခြောက်ပြောဆိုသွားခဲ့တယ်လို့ ရေထွက်ကြီးကျေးရွာသားတွေက RFA ကို ပြောပါတယ်။
- 2021-09-24
-
-
-
မန္တလေးတိုင်း စဉ့်ကူးမြို့နယ်မှာ စစ်တပ်နဲ့မြေယာအငြင်းပွားမှုဖြစ်နေတဲ့ ရေထွက်ကြီးကျေးရွာကို ဒီကနေ့ စက်တင်ဘာလ ၂၄ ရက်နေ့က စစ်ကားသုံးစီးနဲ့ စစ်သားတွေရောက်လာပြီး သုံးရက်အတွင်း ကျေးရွာကနေ ပြောင်းရွှေ့ပေးဖို့နဲ့ မပြောင်းရွှေ့ခဲ့ရင် ရွာကိုမီးရှို့မယ့်အကြောင်း ခြိမ်းခြောက်ပြောဆိုသွားခဲ့တယ်လို့ ရေထွက်ကြီးကျေးရွာသားတွေက RFA ကို ပြောပါတယ်။
မန္တလေးနန်းတွင်း ၁၂၁ ထောက်ပံ့ရေးနဲ့ ပို့ဆောင်ရေးတပ်ကလာရောက်ပြီး ခြိမ်းခြောက်ပြောဆိုသွားတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ရေထွက်ကြီးကျေးရွာက ဒေသခံတယောက်က ပြောပါတယ်။
“မနက်က စစ်သားတွေလာတယ်လို့ အသံကြားတော့ ရွာကအမျိုးသားတွေ အကုန်ထွက်ပြေးကြတယ်။ အမျိုးသမီးတွေနဲ့ ကလေးတွေပဲကျန်ခဲ့တာ၊ ရွာက အရင်ကတည်းက စစ်တပ်နဲ့ မြေယာပြဿနာဖြစ် နေတာ၊ ဘိုးဘွားပိုင်မြေကို စစ်တပ်ကသိမ်းပြီး ဂရိတ်ဝေါကုမ္ပဏီကို အငှားချထားတာပါ၊ အဲဒါကိုအရင် NLD အစိုးရလက်ထက်တုန်းကလည်း ဥပဒေအရဖြေရှင်းနေတာကို အခုကျ အကြမ်းဖက်ပြီး မီးရှို့မယ် ပြောသွားတာ၊ ရွာတွေက တည်ငြိမ်နေတော့လည်း သူတို့ပဲ မတည်ငြိမ်အောင် လိုက်လုပ်နေတယ်။ သုံးရက်အတွင်းဆိုတော့ ရွှေ့ဖို့ကဘယ်လိုမှလည်း မဖြစ်နိုင်ဘူး၊ လူတွေကတော့ ဘေးလွတ်ရာရှောင် ရမှာပေါ့“
ဒီကနေ့ ရောက်ရှိလာတဲ့ စစ်သားတွေဟာ ကျေးရွာဆိုင်းဘုတ် အပါအဝင် ခြံစည်းရိုးတွေကို ဖျက်ဆီးသွား တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အခုလို စစ်တပ်က လာရောက်ခြိမ်းခြောက်ခဲ့တာနဲ့ ပတ်သက်လို့ အသေးစိတ်မေးမြန်းနိုင်ဖို့ စစ်ကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်းက RFA က ဒီနေ့ညနေက ဖုန်းနဲ့ဆက်သွယ် ခဲ့ပေမယ့် လက်ခံဖြေကြားခြင်း မရှိပါဘူး။
ရေထွက်ကြီးကျေးရွာက ဘိုးဘွားပိုင်မြေ မြေဧက ၅၆၀ ကျော်ကို ၁၉၉၆ ခုနှစ်မှာ စစ်တပ်က သိမ်းယူပြီး ဂရိတ်ဝေါကုမ္ပဏီကို ငှားရမ်းလိုက်တဲ့နောက် ဒေသခံတွေဟာ မြေတစ်ဧကကို ကြံနှစ်တန်နှုန်း အခွန်အဖြစ် ပေးဆောင်ပြီး ပြန်လည်ငှားရမ်း စိုက်ပျိုးခဲ့ကြရတာလို့ ဆိုပါတယ်။
၂၀၁၂ ခုနှစ်မှာတော့ မြေယာအခွန်မဆောင်တော့ဘဲ စိုက်ပျိုးခဲ့တဲ့နောက် စစ်တပ်နဲ့ ဒေသခံတွေက ဥပဒေအရ ဖြေရှင်းနေခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။
ရေထွက်ကြီးကျေးရွာဟာ အိမ်ခြေ ၄၀ ကျော်ရှိပြီး လူဦးရေ ၂၀၀ ကျော်ရှိတယ်လို့ ဒေသခံတွေက ပြောပါ တယ်။