နေပြည်တော်မြို့တော်ဝန် အပါအဝင် လေးဦး အဂတိမှုနဲ့ အမှုဖွင့်ခံရ
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက်က တာဝန်ယူခဲ့တဲ့ နေပြည်တော် မြို့တော်ဝန် ဒေါက်တာမျိုးအောင်၊ ဒုမြို့တော်ဝန် ဦးရဲမင်းဦး အပါအဝင် လေးဦးကို အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေနဲ့ အမှုဖွင့်တယ်လို့ စစ်ကောင်စီပိုင် မီဒီယာကနေ ဩဂုတ်လ ၁၈ ရက်နေ့ ညပိုင်းက ကြေညာခဲ့ပါတယ်။
- 2021-08-19
-

နေပြည်တော်စည်ပင် ဥက္ကဋ္ဌနဲ့ မြို့တော်ဝန် ဖြစ်တဲ့ ဒေါက်တာမျိုးအောင်ကို လုပ်ပိုင်ခွင့်အာဏာကို အလွဲသုံးစားလုပ်တယ်၊ လာဘ်ငွေယူထားတယ်လို့ စစ်ကောင်စီက စွပ်စွဲထားပြီး အဲဒီအထဲမှာ ဒုမြို့တော်ဝန် ဦးရဲမင်းဦးနဲ့ စည်ပင်ကော်မတီဝင်တို့လည်း ပါဝင်တယ်လို့ ဆိုပါတယ်။
စည်ပင်ကော်မတီဝင် (၂) ဦးမင်းသူနဲ့ ဒေါ်စံပယ်ထွေးတို့ကို ကိုယ်ပိုင်မြေကွက်မှာ မြေကြီး level ညှိ၊ မြေကွက်ပြင်ဆင်ရေးအတွက် စည်ပင်ကို အသုံးပြုခဲ့တယ်လို့လည်း ဖော်ပြထားပါတယ်။
ဒီအတွက် နေပြည်တော် မြို့တော်ဝန် ဒေါက်တာမျိုးအောင်၊ ဒုတိယမြို့တော်ဝန် ဦးရဲမင်းဦးနဲ့ စည်ပင်ကော်မတီဝင် နှစ်ယောက်ကို အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၅ နဲ့ မနေ့က အမှုဖွင့်ခံထားရတာပါ။
နေပြည်တော်စည်ပင်အနေနဲ့ စီးပွားရေးဇုန်ထဲမှာ မြေကွက် (၄၄) ကွက်၊ ၇၄ ဧကကျော်ကို မြေနေရာချထား ရာမှာ သမ္မတရုံးဝန်ကြီးဌာနဆီက ခွင့်ပြုချက်မယူဘဲ လုပ်ဆောင်တာကြောင့် ကျပ်သိန်း ၁၄၉၅၂၀ ခန့် နိုင်ငံတော်က ဆုံးရှုံးခဲ့ရတယ်လို့ စစ်ကောင်စီက စွပ်စွဲပြောဆိုထားပါတယ်။
အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ - ၅၅ ဟာ ပြစ်မှုထင်ရှားရင် ထောင်ဒဏ် ၁၅ နှစ်ချမှတ်နိုင်သလို ငွေဒဏ်လည်း ချမှတ်နိုင်တဲ့ပုဒ်မတစ်ခုလည်းဖြစ်ပါတယ်။