အာဆီယံ ထိပ်သီးအစည်းအဝေးကျင်းပချိန် စစ်တပ်ထောက်ခံပွဲတွေ ပြုလုပ်နေ
နေပြည်တော်၊ မန္တလေးမြို့ကြီးတွေ အပါအဝင် တိုင်းနဲ့ ပြည်နယ်အသီးသီးက မြို့အချို့မှာ စစ်ကောင်စီ ထောက်ခံပွဲတွေကို မနေ့ကစပြီး ပြုလုပ်နေကြပါတယ်။
- 2021-10-26
-
-
-
နေပြည်တော်၊ မန္တလေးမြို့ကြီးတွေ အပါအဝင် တိုင်းနဲ့ ပြည်နယ်အသီးသီးက မြို့အချို့မှာ စစ်ကောင်စီ ထောက်ခံပွဲတွေကို မနေ့ကစပြီး ပြုလုပ်နေကြပါတယ်။
ဒီနေ့ထုတ် စစ်ကောင်စီပိုင် မြဝတီသတင်းစာမှာတော့ မနေ့က နိုင်ငံတစ်ဝန်းက မြို့နယ်ပေါင်း ၄၇ ခုမှာ ထောက်ခံပွဲ တွေ ပြုလုပ်ခဲ့ကြတာလို့ ဖော်ပြထားပါတယ်။
ဒီနေ့မှာလည်း ရခိုင်ပြည်နယ် အပါအဝင် အခြားနယ်မြို့အချို့မှာ စစ်ကောင်စီထောက်ခံပွဲတွေကို အလားတူ ပြုလုပ်နေကြတယ်လို့ အဲဒီမြို့နယ်တွေက ဒေသခံအချို့က ပြောပါတယ်။
နေပြည်တော် ဥပ္ပါတသန္တိစေတီရှေ့ကွင်းမှာ မနေ့က ပြုလုပ်တဲ့ စစ်ကောင်စီထောက်ခံပွဲကို စစ်တပ်နဲ့ရဲက လုံခြုံရေးယူပြီး ပြုလုပ်ခဲ့တာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ နေပြည်တော် ပျဉ်းမနားမြို့ခံ တစ်ဦးက ပြောပါတယ်။
“ဘယ်သူတွေလုပ်သွားလဲ ဘယ်ကမှန်းလည်းမသိဘူးဆိုတဲ့ အနေအထားမျိုးဗျာ။ တပ်ထဲက ထွက်လာ ကြတယ်။ ပြီးတော့ အကုန်လုံးလူစုခွဲပြီးတော့ တပ်ထဲကို ပြန်ဝင်သွားကြတယ်။ အပြင်က ဒီအတိုင်း မြို့ခံ ပြည်သူတွေ ဘယ်သူတွေပါလဲဆိုတဲ့ အနေအထားမျိုးတွေ လမ်းသွားလမ်းလာမြင်တဲ့ဟာတွေ သူတို့ဖြတ် လာတဲ့ အချိန်မှာ ကြည့်တဲ့ဟာတွေနဲ့ဆိုရင် တစ်ယောက်မှတောင် မပါဘူးလို့ ကျနော်တို့ ကြားရတယ်။ ကျနော်ထင်တယ် သူတို့ အဲဒီလုပ်တဲ့သူတွေအကုန်လုံးက စစ်သားတွေချည်းပဲ။ ပြီးတော့ အထဲမှာရှိနေတဲ့ မိသားစုဝင်တွေပဲ သူတို့အကုန်လုံးခေါ်ထွက်ပြီးတော့ အမိန့်တစ်ခုနဲ့ ခိုင်းတဲ့ပုံစံမျိုးပဲ”
ထောက်ခံပွဲမှာ ပါဝင်သူတွေဟာ တပ်မိသားစုတွေ အများဆုံးဖြစ်တယ်လို့လည်း သူက ဆိုပါတယ်။
"သူတို့ဘက်က လူထုထောက်ခံမှုရှိပါတယ်ဆိုတာ ပြသဖို့အတွက် ဒီဆန္ဒပြပွဲတွေလုပ်တာပါ။"
သူတို့ဟာ စစ်ကောင်စီနဲ့ စစ်တပ်ကို ထောက်ခံကြောင်း၊ NUG၊ CRPH၊ PDF အဖွဲ့တွေကို အလိုမရှိကြောင်း ကြွေးကြော်ဆန္ဒပြခဲ့ကြတာလည်းဖြစ်ပါတယ်။
မန္တလေးမြို့ အောင်မြေသာဇံမြို့နယ်မှာတော့ မနေ့က စစ်ကောင်စီထောက်ခံပွဲကို ရွှေမန်းတောင် အားကစားကွင်းမှာ ပြုလုပ်ခဲ့ပါတယ်။
အာဏာသိမ်းစစ်ကောင်စီဟာ သူတို့ကိုဆန့်ကျင်ဆန္ဒပြပွဲတွေကို ပစ်ခတ်ဖမ်းဆီးလေ့ရှိပေမယ့် သူတို့ကို ထောက်ခံဆန္ဒပြပွဲကိုတော့ ခွင့်ပြုရုံမက လုံခြုံရေးယူပြီးဆောင်ရွက်ခဲ့ကြတာ တွေ့ရတယ်လို့ အမည် မဖော်လိုတဲ့ မန္တလေးမြို့ခံ တစ်ဦးက ပြောပါတယ်။
“ကိုယ်နေတဲ့မြို့ဆိုတော့ ဒီလူတွေကို ကျနော်တို့ မမြင်ဖူးဘူး။ လူစိမ်းတွေလို့ပဲမြင်တယ်။ အာဏာကို အဓမ္မယူထားတဲ့သူတွေနဲ့ အသွင်တူတော့ သူတို့ ပူးပေါင်းမိကြမှာပဲ။ အဲဒီလိုလူတွေလို့ပဲ ကျနော်ကတော့ မြင်တယ်ဗျ။ သူတို့ကို ထောက်ခံတဲ့သူတွေကျတော့ ခွင့်ပြုပေးမယ်။ သူတို့နဲ့ သဘောထား မတူတဲ့သူတွေ ကျတော့ ကားနဲ့တိုက်ပြီးဖမ်းတယ်။ သေနတ်နဲ့ ပစ်ဖမ်းတယ်။ ဒါဟာ အာဏာရှင်တွေရဲ့လုပ်ရပ်ပဲ။ ဒါဟာ သူတို့ အကြီးအကျယ် ရာဇဝတ်မှုချိုးဖောက်နေတယ်လို့ ကျနော်ကတော့မြင်တယ်”
တခြားတိုင်းနဲ့ ပြည်နယ်တွေလိုပဲ အရှေ့မြောက်တိုင်းစစ်ဌာန ချုပ်ရုံးစိုက်ရာ လားရှိုးမြို့မှာလည်း မနေ့က အမျိုးသားရေးအဖွဲ့က ဦးဆောင်ပြီး စစ်တပ်ထောက်ခံပွဲကို လူဦးရေတစ်ရာကျော်နဲ့ မနေ့က ပြုလုပ်ခဲ့ ကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒါဟာ စစ်ကောင်စီက ပြည်ပဖိအားတွေကိုကြုံနေရချိန် ပြည်တွင်းမှာလည်း သူတို့ကိုထောက်ခံမှုတွေ ရှိနေတယ်ဆိုတာကို ပြသလိုတဲ့အတွက် စစ်တပ်ရဲ့အစီအစဉ်နဲ့ ပြုလုပ်ခဲ့တာလို့မြင်ကြောင်း လုံခြုံရေးအရ အမည်မဖော်လိုတဲ့ လားရှိုးမြို့ခံ တစ်ဦးက ပြောပါတယ်။
“မြန်မာပြည် ပြင်ပနိုင်ငံရေးအခြေအနေအရ အစုအဖွဲ့အသီးသီးက ဒီအစိုးရအပေါ်မှာ လက်မခံတဲ့ အပိုင်းတွေမြင်လာတာပေါ့လေ။ အဲတော့ သူ့ကိုလက်ခံတဲ့သူတွေ သူ့ပြည်တွင်းမှာရှိနေတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဆန္ဒပြတာတွေ တပ်မတော်ကို ထောက်ခံတဲ့ပွဲတွေ လုပ်ရတယ်လို့ပဲ ကျွန်တော်တို့က မြင်ပါတယ်။ အာဆီယံ အစည်းအဝေးနဲ့ တိုက်ရိုက်သက်ဆိုင်သလို အီးယူကလည်း ကန့်ကွက်တယ်၊ UN မှာလည်း ကန့်ကွက်မှုတွေကများနေတော့ အနီးစပ်ဆုံးကတော့ ကန့်ကွက်မှုသုံးခုထဲက အာဆီယံအစည်းအဝေးကို တက်ရောက်ခွင့် မရတဲ့အပေါ်မှာ လက်ရှိအုပ်ချုပ်နေတဲ့ အစိုးရအနေနဲ့ လှုပ်ခါသွားတဲ့အပေါ်မှာသူက ပြန်ပြီးတော့ နိုင်ငံရေးအဖတ်ဆယ်တယ်လို့ပဲ ကျွန်တော်တို့က မြင်တာပေါ့”
မိတ္ထီလာမြို့မှာတော့ မနေ့က တပ်ထောက်ခံပွဲအပြီး ပြန်လာတဲ့အချိန် အမှတ် (၂) ရဲစခန်းအနီးမှာ ရပ်ထားတဲ့ စစ်ကားပေါ်အကို ဗုံးနဲ့အပစ်ခံရလို့ ရဲတစ်ယောက် သေဆုံးပြီး စစ်သားနဲ့ ရဲလေးဦး အပြင်းအထန် ဒဏ်ရာရ ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ထောက်ခံဆန္ဒပြပွဲတွေဟာ ပြည်တွင်းမှာ စစ်ကောင်စီကို ထောက်ခံမှုတွေရှိနေတယ်ဆိုတာကို နိုင်ငံတကာကို ပြသလိုတဲ့အတွက် စစ်တပ်ရဲ့အစီစဉ်နဲ့ ပြုလုပ်နေကြတာဆိုပြီး ပြောဆိုချက်တွေနဲ့ ပတ်သက်လို့ စစ်ကောင်စီ ပြန်ကြားရေးဝန်ကြီးဌာန ဒုဝန်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က မေးမြန်းရာမှာ ဒီကိစ္စနဲ့ပတ်သက်လို့ သူ့အနေနဲ့ သီးခြားမှတ်ချက်မပေးလိုဘူးလို့ တုံ့ပြန်ခဲ့ပါတယ်။
နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်ကလည်း ဒီနေ့ စတင်ကျင်းပနေတဲ့ အာဆီယံ ထိပ်သီးအစည်း အဝေးမှာ စစ်ကောင်စီရဲ့ ဥက္ကဋ္ဌနဲ့ ဝန်ကြီးတွေကို တက်ရောက်ဖို့ မဖိတ်ကြားတော့တာဟာ နိုင်ငံရေးအရ အထိနာစေပြီး စစ်ကောင်စီကို ပြည်တွင်းထောက်ခံမှု ရှိတယ်ဆိုတာပြဖို့ တပ်ထောက်ခံပွဲတွေ ဖြစ်လာတာလို့ ပြောပါတယ်။
"တစ်တိုင်းပြည်လုံး တောရော၊ မြို့ပါ စစ်ကောင်စီကို တိုက်ခိုက်နေတယ်။ အဲဒီအတွက် အာဆီယံက လူတွေရော စကစကို သူတို့အစည်းအဝေးမှာ တက်ရောက်ခွင့် ပိတ်ပင်လိုက်တယ်ဆိုတဲ့အခါကျတော့ နိုင်ငံရေးအရရော၊ အတော်အရှက်ကွဲ အထိနာထားတဲ့ အနေအထားပဲ။ အဲဒီအချိန်မှာ သူတို့ဘက်က လူထုထောက်ခံမှုရှိပါတယ်ဆိုတာ ပြသဖို့အတွက် ဒီဆန္ဒပြပွဲတွေလုပ်တာပါ။ ဒါပေမဲ့ ဒီဆန္ဒပြပွဲတွေ လုပ်တယ်ဆိုတာကလည်း ကြက်ဝိုင်းသာသာလောက်ပါပဲ"
ကိုဗစ်ကာကွယ်ရေးအတွက် သဘာဝဘေးအန္တရာယ် ဥပဒေ၊ လူ ၅ ယောက်ထပ် ပိုမစုရတဲ့ ပုဒ်မ ၁၄၄ တို့ကို စစ်ကောင်စီက ထုတ်ထားပေမယ့် တပ်မတော် ထောက်ခံပွဲတွေကတော့ မြို့နယ်တော်တော်များများမှာ ကျင်းပနိုင်ခဲ့ပါတယ်။
ဒါဟာ အာဏာသိမ်းပြီးနောက် တရားဥပဒေ စိုးမိုးမှုမရှိတော့တာကို ပြသနေတာပဲလို့ ဦးသန်းစိုးနိုင်က ပြောပါတယ်။
နိုင်ငံရေးအကျဉ်းသားဟောင်းများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ကတော့ အာဏာစသိမ်းတဲ့ ဖေဖော်ဝါရီလကနေ အခုအောက်တိုဘာ ၂၅ အထိ နွေဦးတော်လှန်ရေးကာလအတွင်းမှာ ကျဆုံးခဲ့ရသူ ၁၁၉၉ ဦးထိရှိလာပြီလို့ မနေ့က ထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီကလည်း အကြမ်းဖက်အဖွဲ့တွေရဲ့ လုပ်ရပ်တွေကြောင့်လို့ဆိုပြီး ပြည်သူ ၁၁၅၅ ဦး၊ စစ်သား ၇၅ ဦး၊ ရဲတပ်ဖွဲ့ဝင် ၉၃ ဦး၊ အစိုးရဝန်ထမ်း ၁၄ ဦး သေဆုံးခဲ့တယ်လို့ အောက်တိုဘာ ၂၃ ရက်နေ့မှာ ထုတ်ပြန်ထား ပါတယ်။။