စစ်ကောင်စီတပ်သား သုံးရာကျော် လက်နက်ချတဲ့ ဗီဒီယို MNDAA ထုတ်ပြန်

လားရှိုးမြို့နယ်မှာ ဒုတိယဗိုလ်မှူးကြီးအဆင့် အပါအဝင် စစ်ကောင်စီတပ်သား သုံးရာကျော် လက်နက်ချခဲ့တဲ့ ဗီဒီယိုရုပ်သံဖိုင်တစ်ခုကို MNDAA က ဇူလိုင်လ ၂၃ ရက်နေ့ ညနေမှာ ထုတ်ပြန်ပါတယ်။

MNDAA ထံ လက်နက်ချခဲ့သည့် ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့နယ်မှ စစ်ကောင်စီတပ်ဖွဲ့ဝင်များအား ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၂၃ ရက်နေ့က MNDAA မှ ထုတ်ပြန်ထားစဉ်။ Screenshot: 果敢资讯网 - YouTube

တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့နယ်မှာ ဒုတိယဗိုလ်မှူးကြီးအဆင့် အပါအဝင် စစ်ကောင်စီတပ်သား သုံးရာကျော် လက်နက်ချခဲ့တဲ့ ဗီဒီယိုရုပ်သံဖိုင်တစ်ခုကို မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) က ဇူလိုင်လ ၂၃ ရက်နေ့ ညနေမှာ ထုတ်ပြန်ပါတယ်။

ဒုတိယဗိုလ်မှူးကြီးတစ်ဦး၊ ဗိုလ်မှူးနှစ်ဦး၊ ဗိုလ်ကြီးငါးဦး အပါအဝင် စစ်ကောင်စီတပ်သား စုစုပေါင်း ၃၁၇ ဦးက ဇူလိုင်လ ၂၁ ရက်နေ့ မနက် ၁၀ နာရီမှာ MNDAA ထံ လက်နက်ချခဲ့တာလို့ ဆိုပါတယ်။

လားရှိုးမြို့အနီးတစ်၀ိုက်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေ လက်နက်ချလာတာဖြစ်ပြီး ဘယ်တပ်ရင်း၊ တပ်ဖွဲ့တွေက ဆိုတာကိုတော့ အတိအကျထုတ်ပြောထားတာ မရှိသေးပါဘူး။

MNDAA ထံ လက်နက်ချလာသူတွေကို လက်ခံချိန်မှာ စစ်ကောင်စီတပ်ရဲ့ လက်နက်ခဲယမ်း အများအပြားကိုလည်း သိမ်းဆည်းရမိတယ်လို့ ဆိုပါတယ်။

လက်နက်ချတဲ့ စစ်ကောင်စီတပ်သားတွေထဲက ဒဏ်ရာရသူတွေနဲ့ ဖျားနာနေသူတွေကိုလည်း ဆေးကုသမှုတွေ လုပ်ပေးနေတယ်လို့ MNDAA က ပြောပါတယ်။

ဒီထုတ်ပြန်ချက်နဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က တစ်စုံတစ်ရာ တုံ့ပြန်ပြောဆိုလာတာ မတွေ့ရသေးပါဘူး။

MNDAA က ဇူလိုင်လကုန်အထိ ထိုးစစ်တွေရပ်ထားမယ်လို့ ကြေညာထားမဲ့ လားရှိုးမြို့နဲ့ အနီးတစ်၀ိုက်မှာ ဒီနေ့အထိ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org