မင်းတပ်မှာ စစ်ကောင်စီတပ် ပစ်ခတ်မှုကြောင့် ခရစ်ယာန် ဘာသာရေးဆရာတစ်ဦး သေဆုံး

မင်းတပ်မြို့အခြေစိုက် ခလရ-၂၇၄ တပ်ရင်းကနေ ထွက်ပြေးနေတဲ့ စစ်ကောင်စီ တပ်သားတွေရဲ့ ပစ်ခတ်မှုကြောင့် ခရစ်ယာန် သင်းအုပ်ဆရာတစ်ဦး သေဆုံးသွားပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များအား မင်းတပ်မြို့တွင် ၂၀၂၁ ခုနှစ်၊ မတ်လ ၈ ရက်နေ့က တွေ့ရစဉ်။

ချင်းပြည်နယ် မင်းတပ်မြို့အခြေစိုက် ခလရ-၂၇၄ တပ်ရင်းကနေ ထွက်ပြေးနေတဲ့ စစ်ကောင်စီ တပ်သားတွေရဲ့ ဒီဇင်ဘာ ၂၄ ရက်နေ့က ပစ်ခတ်မှုကြောင့် ခရစ်ယာန် သင်းအုပ်ဆရာတစ်ဦး သေဆုံးသွားတယ်လို့ မင်းတပ်မြို့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ပြောခွင့်ရသူ ဆလိုင်း ယောမာန်က RFA ကို ပြောပါတယ်။

သေဆုံးသွားသူဟာ မင်းတပ်မြို့နယ် တိုက်နယ် အမှတ်-၄ အေးစခန်းရွာမှာနေထိုင်တဲ့ အသက် ၄၀ အရွယ် ခရစ်ယာန် သင်းအုပ်ဆရာ ဦးရွှီမာန် ဖြစ်တယ်လို့ ဆိုပါတယ်။

မြို့သိမ်းတိုက်ပွဲအတွင်း စခန်းစွန့်ခွာထွက်ပြေးသွားတဲ့ စစ်ကောင်စီ တပ်သားတွေကို ကာကွယ်ရေး တပ်ဖွဲ့တွေနဲ့အတူ ပြည်သူတွေက ဝိုင်းဝန်းရှာဖွေစဥ် ပစ်ခတ်ခံရတာလို့ ဆလိုင်း ယောမာန်က ပြောပါတယ်။

“လူထုကပါ စခန်းစွန့်ပြီး ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်သားတွေကို တူမီးတွေနဲ့ပါ လိုက်ရှာဖွေကြတာ။ အဲဒီမှာပဲ စစ်ကောင်စီ တပ်သားတစ်ဦးက ချောင်းပြီးပစ်လိုက်လို့ ဆုံးသွားတာပါ”

ပစ်ခတ်ခံရတဲ့ ဘာသာရေးဆရာကို အချိန်မီ ဆေးကုသမှုပေးခဲ့ပေမဲ့ ဒဏ်ရာပြင်းထန်တာကြောင့် ပစ်ခတ်ခံရတဲ့နေ့မှာပဲ သေဆုံးသွားတယ်လို့ သူက ပြောပါတယ်။

မင်းတပ်မြို့နဲ့ ကန်ပက်လက်မြို့ကနေ ထွက်ပြေးလာတဲ့ စစ်ကောင်စီ တပ်သားတွေဟာ ချင်းပြည်နယ်အတွင်းက တောတောင်တွေနဲ့ ချင်း-မကွေးအစပ်က ဒေသတွေမှာ ခိုလှုံနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ချင်းပြည်နယ်မှာ မြို့နယ် ကိုးမြို့နယ်ရှိတဲ့အနက် မတူပီ၊ မင်းတပ်၊ ကန်ပက်လက်၊ ပလက်ဝ၊ တွန်းဇံ စတဲ့ မြို့နယ် ငါးမြို့နယ်ကို ချင်းညီနောင်အဖွဲ့၊ အာရက္ခတပ်တော် (AA) နဲ့ ချင်းပြည်ကောင်စီအဖွဲ့တို့က အသီးသီး သိမ်းပိုက်ထိန်းချုပ်ထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org