စစ်ရေးကြိုပြင်ထားဖို့ တပ်မိသားစုတွေကို စစ်ခေါင်းဆောင်သတိပေး

ကျိုင်းတုံတပ်နယ် စစ်တပ်မိသားစုတွေနဲ့ တွေ့ဆုံချိန် စစ်ခေါင်းဆောင်ရဲ့ မိန့်ခွန်းထဲမှာ စစ်ရေးအတွက် အမြဲအသင့်ဖြစ်နေဖို့ အကြိမ်ကြိမ်ထည့်ပြောခဲ့ပါတယ်။

၂ဝ၂၄ ခုနှစ် မေလ ၁၁ ရက်နေ့က ရှမ်းပြည်နယ်၊ ကျိုင်းတုံတပ်နယ် စစ်တပ်မိသားစုများနှင့် တွေ့ဆုံပွဲအခမ်းအနား တက်ရောက်လာသော စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်။ Photo: Myanmar Military

တပ်တွင်းနေထိုင်တဲ့ စစ်သည်တွေ၊ မိသားစုတွေအနေနဲ့ စစ်ရေးသတိအမြဲရှိပြီး၊ ဖြစ်လာနိုင်တာတွေအတွက် ကြိုတင်ပြင်ဆင်ထားဖို့လိုတယ်လို့ စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က သတိပေးပြောဆိုလိုက်ပါတယ်။

ရှမ်းပြည်နယ်၊ ကျိုင်းတုံတပ်နယ် စစ်တပ်မိသားစုတွေနဲ့ မေလ ၁၁ ရက်နေ့က တွေ့ဆုံချိန်မှာ အခုလိုပြောခဲ့တာဖြစ်ပြီး၊ စစ်ခေါင်းဆောင်ရဲ့ မိန့်ခွန်းထဲမှာ စစ်ရေးအတွက် အမြဲအသင့်ဖြစ်နေဖို့ အကြိမ်ကြိမ်ထည့်ပြောခဲ့တာ တွေ့ရပါတယ်။

လတ်တလောတိုက်ပွဲတွေမှာ စစ်ကောင်စီဘက်က အကျအဆုံးများနေပြီး၊ တပ်မိသားစုတွေအပါအဝင် တပ်ရင်းတချို့ လက်နက်ချ အညံ့ခံ၊ ဖမ်းဆီးခံနေရချိန်မှာ စစ်ခေါင်းဆောင်ဘက်က အခုလို သတိပေးလာတာဖြစ်ပါတယ်။

စစ်သားတွေအနေနဲ့ ခေတ်နဲ့အညီ ပြောင်းလဲတိုးတက်လာတဲ့ စစ်လက်နက်ပစ္စည်းတွေကို မျက်ခြေမပြတ်သိနေဖို့ လိုတယ်လို့လည်း သူကသတိပေးခဲ့ပါတယ်။

ပြီးခဲ့တဲ့လက စစ်ကောင်စီရုံးစိုက်တဲ့ နေပြည်တော်ကို အမျိုးသားညီညွတ်ရေးအစိုးရ NUG လက်အောက်ခံ PDF တပ်ဖွဲ့တွေက ခေတ်မီဒရုန်းတွေသုံး တိုက်ခိုက်ခံရပြီးနောက် အခုလို ပထမဆုံးထုတ်ပြောတာလည်းဖြစ်ပါတယ်။

တပ်တွင်းစည်းလုံးညီညွတ်ရေး အရေးကြီးကြောင်းနဲ့ ပေးအပ်တဲ့အမိန့်ကို ကျေပွန်အောင်ထမ်းဆောင်ကြဖို့လည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မှာကြားခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org