ကြို့ပင်ကောက်မှာ မိဘမဲ့ကျောင်း စီးနင်းခံရပြီး ကလေးတွေ အပါအဝင် လူလေးဆယ်ခန့် ဖမ်းဆီးခံရ

ကြို့ပင်ကောက်မြို့နယ်၊ သင်္ခရိုင်ရွာက မိဘမဲ့ ပရဟိတကျောင်းကို စစ်ကောင်စီတပ်စစ်ကြောင်းက ဝင်ရောက်စီးနင်း တပ်စွဲလိုက်ပြီးနောက် မိဘမဲ့ကလေးတွေ အပါအဝင် ကူညီလုပ်ကိုင်ပေးနေသူ စုစုပေါင်းလေးဆယ်ခန့်ကို ဖမ်းဆီးထားပါတယ်။

ကြို့ပင်ကောက်မြို့နယ်၊ သင်္ခရိုင်ရွာရှိ မိဘမဲ့ ပရဟိတကျောင်းတွင် တက်ရောက်နေကြသည့် ကျောင်းသား၊ ကျောင်းသူများအား ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့က တွေ့ရစဥ်။ Facebook/ ဦးသုမန သင်္ခရိုင်ပရဟိတကျောင်း

ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်၊ သင်္ခရိုင်ရွာက မိဘမဲ့ ပရဟိတကျောင်းကို စစ်ကောင်စီတပ်စစ်ကြောင်းက အောက်တိုဘာ ၂၉ ရက်နေ့ မနက် ဆယ်နာရီခန့်မှာ ဝင်ရောက်စီးနင်း တပ်စွဲလိုက်ပြီးနောက် မိဘမဲ့ကလေးတွေ အပါအဝင် ကူညီလုပ်ကိုင်ပေးနေသူ စုစုပေါင်း လေးဆယ်ခန့်ကို ဖမ်းဆီးထားတယ်လို့ ဒေသခံတွေနဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။

စစ်ကောင်စီတပ်သား အင်အား ၁၅၀ ခန့်က သင်္ခရိုင်ရွာကိုဝင်ရောက်ချိန် ကာကွယ်ရေးတပ်တွေနဲ့ တိုက်ပွဲဖြစ်ခဲ့ပြီနောက်မှာ အဲဒီကျောင်းကို ဝင်ရောက်စီးနင်း ဖမ်းဆီးခဲ့တာလို့ ပဲခူးရိုးမအခြေပြု BTZM GBK PDF အဖွဲ့က တပ်ခွဲမှူး ကိုတေဇမင်းက RFA ကို ပြောပါတယ်။

“ကျွန်တော်တို့ ဖမ်းဆီးထားတာ ကြားသိရတာတော့ ကိုးတန်း၊ ဆယ်တန်းအရွယ် ကလေးတွေနဲ့ အဲဒီကျောင်းမှာ ဝေယျာဝစ္စလုပ်ပေးနေတဲ့ အမျိုးသမီး ဆယ်ဦးလောက်ရှိတယ်ဗျ။ အသက်အရွယ်ကြီးတဲ့ ကလေးအယောက် သုံးလေးဆယ်လောက် ဖမ်းထားတယ်လို့ သိရတယ်”

ဒီနေ့မနက်မှာတော့ စစ်ကောင်စီတပ်သားတချို့က ပြန်ထွက်ခွာသွားပေမဲ့ အင်အားခုနစ်ဆယ်ခန့်က ကျောင်းထဲမှာ ဆက်လက် တပ်ဆွဲနေပြီး ကလေးတွေနဲ့ ဒေသခံတွေကို ကျောင်းထဲမှာပဲ ဖမ်းဆီးထားတယ်လို့ သူက ပြောပါတယ်။

ဒီအပြင် သင်္ခရိုင်ရွာကိုမဝင်ရောက်ခင် စစ်ကြောင်းနဲ့အတူ ဖမ်းဆီးခေါ်ဆောင်လာသူ ဒေသခံတချို့ကိုလည်း အဲဒီကျောင်းထဲမှာ ဖမ်းဆီးထားတယ်လို့ ဆိုပါတယ်။

ကြို့ပင်ကောက်မြို့နဲ့ ၁၅ မိုင်ခန့်ဝေးတဲ့ အဲဒီပရဟိတကျောင်းမှာ မိဘမဲ့ကလေး နှစ်ရာခန့်ရှိပြီး ဘုန်းတော်ကြီးနဲ့ ရပ်ရွာက ကျွေးမွေးစောင့်ရှောက်ထားတာလို့ ဒေသခံတွေက ပြောပါတယ်။ အဲဒီကျောင်းကိုစီးနင်းစဥ် ပြန်လွှတ်ပေးလိုက်တဲ့ အသက်အရွယ်ငယ်တဲ့ ကလေးတွေကိုတော့ ဒေသခံတွေက စောင့်ရှောက်ထားတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်က သင်္ခရိုင်ရွာ အပါအဝင် သခွပ်ပင်၊ ရုံးချောင်း၊ အင်တိုင်း၊ အေးရွာလေးနဲ့ ဥယျာဥ်စုရွာတွေကို PDF အဖွဲ့တွေရှိတယ်ဆိုတဲ့ ယူဆချက်နဲ့ စစ်ကြောင်းထိုး ဝင်ရောက်လာတာကြောင့် အဲဒီရွာတွေက ဒေသခံအားလုံးနီးပါး ဘေးလွတ်ရာကို တိမ်းရှောင်နေရတယ်လို့ ဆိုပါတယ်။ 

ဒီအခြေအနေတွေနဲ့ပတ်သတ်ပြီး တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီရဲ့ ပဲခူးတိုင်းပြောခွင့်ရသူ တိုင်းစီးပွားရေးရာဝန်ကြီး ဦးတင်ဦးကို တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေကြားတာ မရှိသေးပါဘူး။

အောက်တိုဘာ ၂၄ ရက်နေ့ထဲကနေ ဒီနေ့အထိ စစ်ကောင်စီတပ် စစ်ကြောင်းနှစ်ခုက ကြိုပင်ကောက်နဲ့ အုတ်ဖိုမြို့နယ်ထဲက ပဲခူးရိုးမအစပ် ဒေသတွေကို စစ်ကြောင်းထိုးနေပြီး နေအိမ်တွေ မီးရှို့တာနဲ့ အရပ်သားတွေကို ဖမ်းဆီးတာတွေ လုပ်ဆောင်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org