မန္တလေးဈေးချိုမှာ ပိတ်ထားတဲ့ ဆိုင်ခန်းတွေ ပြန်ဖွင့်ဖို့ ဖိအားပေးခံနေရ

2021.05.27
မန္တလေးဈေးချိုမှာ ပိတ်ထားတဲ့ ဆိုင်ခန်းတွေ ပြန်ဖွင့်ဖို့ ဖိအားပေးခံနေရ မန္တလေးစျေးချိုက ပိတ်ထားတဲ့ဆိုင်ခန်းတချို့ကို တွေ့ရစဉ်
Photo CJ

မန္တလေးဈေးချိုတော်မှာ ဖွင့်လှစ်ရောင်းချခြင်းမပြုတဲ့ ဆိုင်ခန်းတွေကို မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီက ယာယီသိမ်းဆည်းထားတယ် ဆိုတဲ့စာတွေကို ဒီကနေ့ မေလ ၂၇ ရက်နေ့မှာ လိုက်ကပ်နေတယ် လို့ ဈေးချိုတော်က ဆိုင်ပိုင်ရှင်တွေက ပြောပါတယ်။

ဆိုင်ရှင်အချို့ကလည်း အခုလိုစာကပ်ခံရမှာစိုးရိမ်လို့ အချိန်ပိုင်းနဲ့ ဆိုင်လာဖွင့်သူတွေလည်းရှိတယ်လို့ ဈေးချိုတော်က အမည်မဖော်လိုတဲ့ ဈေးဆိုင်ပိုင်ရှင်တစ်ယောက်က ပြောပါတယ်။

"တချို့ကလည်း မနက်တစ်ပိုင်း ဖွင့်ပြန်တာပေါ့။ တော်တော်များများတော့ ပြန်ဖွင့်နေကြပါတယ်။ အဖွင့် ပြကြတာ။ အချိန်ပြည့်တော့ မဖွင့်ကြပါဘူး။ ခေတ်ကာလက ကောင်းတာမဟုတ်တော့၊ အခြေအနေ ကြည့်လုပ်နေရတာပဲ။ လုယက်ခံရမှာလည်းကြောက်ရ၊ ဆိုင်ခန်းသိမ်းခံရမှာလည်းကြောက်ရ ဖြစ်နေ ကြတယ်။ ဒါပေမဲ့ အရင်လိုတော့ ဈေးကို အပြည့်ဖွင့်ရောင်းတာတွေ မလုပ်ကြသေးပါဘူး"

စည်ပင်သာယာရေးကော်မတီနဲ့ ဈေးဆိုင်ပိုင်ရှင်တွေ ချုပ်ဆိုထားတဲ့ စာချုပ်မှာ ဈေးဆိုင်တွေအနေနဲ့ တလထက်ပိုပြီး ဈေးဆိုင်မဖွင့်ပဲနေရင် ပြန်သိမ်းခွင့်ရှိတယ်လို့ပါတာကြောင့် အခုလို လာဖွင့်ကြတာလို့လည်း ဆိုပါတယ်။

ကိုရိုနာကပ်ဘေးကြောင့် ပိတ်ထားရတဲ့ ဈေးဆိုင်တွေကို စစ်အာဏာသိမ်းလိုက်ပြီးတဲ့နောက် မတ်လ ၂၁ ရက် နေ့မှာ ဈေးဆိုင်တွေအားလုံးကို ပြန်လည်ဖွင့်လှစ်ရောင်းချခွင့်ပြုကြောင်း ကြေညာခဲ့ပေမယ့် အာဏာရှင်ကို ဆန့်ကျင်တဲ့အနေနဲ့ ဈေးဆိုင်တွေကို ဆက်ပိတ်ထားခဲ့ကြတာပါ။

ပိတ်ထားတဲ့ဈေးဆိုင်တွေကို မေလ ၂၄ ရက်နေ့မှာ နောက်ဆုံးထားဖွင့်လှစ်ကြဖို့နဲ့ မဖွင့်တဲ့ဆိုင်တွေကို ဈေးဆိုင် ဌားရမ်းအသုံးပြုခြင်းဆိုင်ရာ စည်းကမ်းချက်အပိုဒ် ၁၄ အရ ကော်မတီပိုင်သိမ်းမယ်လို့ ဈေးနဲ့ သားသတ်ဌာနက မေလ ၂၀ ရက်နေ့က ထုတ်ပြန်လိုက်တဲ့နောက်မှာတော့ ဈေးဆိုင်အများစုက အဖွင့်ပြလာကြတယ်လို့ ဈေးဆိုင် ပိုင်ရှင်တွေက ပြောပါတယ်။

မန္တလေးဈေးချိုတော်ဟာ ဈေးရုံပေါင်း ရှစ်ရုံမှာ ဆိုင်ခန်းပေါင်း ၃၂၀၀ ကျော်ရှိပြီး အထက်မြန်မာနိုင်ငံရဲ့ အဓိက ရောင်းဝယ်ဖောက်ကားတဲ့ ဈေးကြီးတစ်ခု ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။