ငွေလိမ်လုပ်ငန်းတွေက နိုင်ငံခြားသား နှစ်ထောင်ကျော် ဖော်ထုတ်ခဲ့ကြောင်း စစ်ကောင်စီထုတ်ပြန်

ထိန်းသိမ်းထားသူတွေထဲက ၆၇၃ ဦးကို ထိုင်းနိုင်ငံကတစ်ဆင့် သက်ဆိုင်ရာနိုင်ငံတွေကို လွှဲပြောင်းပေးအပ်ခဲ့ပြီးပြီလို့ ဆိုပါတယ်။

ကရင်ပြည်နယ် မြဝတီမြို့နယ်အတွင်း အွန်လိုင်းငွေလိမ်ဂိုဏ်းများတွင် ရောက်ရှိလုပ်ကိုင်နေသူ နိုင်ငံခြားသားများအား စစ်ကောင်စီက နေရပ်ပြန်ပို့ရန် ၂ဝ၂၅ ခုနှစ် ဖေဖော်ဝါရီလ ၂၂ ရက်နေ့က ဆောင်ရွက်နေစဉ်။ Photo: Myanmar Military

ကရင်ပြည်နယ် မြဝတီမြို့နယ်က အွန်လိုင်းငွေလိမ်လုပ်ငန်းနဲ့ အွန်လိုင်းလောင်းကစားလုပ်ငန်းတွေမှာ တရားမဝင်လာရောက် လုပ်ကိုင်နေတဲ့ နိုင်ငံခြားသား နှစ်ထောင်ကျော် (၂၂၂၀ ဦး) ကို ဖော်ထုတ်ထိန်းသိမ်းထားကြောင်း စစ်ကောင်စီက ဖေဖော်ဝါရီ ၂၃ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။

၂၀၂၅ ခုနှစ် ဇန်နဝါရီ ၃၀ ရက်နေ့ကနေ ဖေဖော်ဝါရီ ၂၃ ရက်နေ့အတွင်း ဖော်ထုတ်ခဲ့တာဖြစ်ကြောင်းနဲ့ ဖေဖော်ဝါရီ ၂၃ ရက်နေ့ တစ်ရက်တည်းမှာတင် နိုင်ငံခြားသား ၁၀၉ ဦးကိုဖော်ထုတ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

နယ်စပ်ဒေသတွေကနေ မြန်မာနိုင်ငံထဲကို တရားမဝင်ဝင်လာပြီး ကရင်နယ်ခြားစောင့်တပ် (BGF) ထိန်းချုပ်ရာ ရွှေကုက္ကိုနဲ့ ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော် (DKBA) ထိန်းချုပ်ထားတဲ့ KK Park မှာ ရောက်ရှိနေတဲ့ နိုင်ငံခြားသားတွေလို့ စစ်ကောင်စီက ပြောပါတယ်။

ထိန်းသိမ်းထားသူတွေထဲက ၆၇၃ ဦးကို ထိုင်းနိုင်ငံကတစ်ဆင့် သက်ဆိုင်ရာနိုင်ငံတွေကို လွှဲပြောင်းပေးအပ်ခဲ့ပြီးကြောင်းနဲ့ ကျန်ရှိနေတဲ့ ထောင့်ငါးရာကျော် (၁၅၄၇ ဦး) ကို ဆက်လက်လွှဲပြောင်းပေးဖို့ အသင့်ရှိနေပြီလို့လည်း ပြောပါတယ်။

အဲဒီထဲမှာ တရုတ်နိုင်ငံသားတွေက အများဆုံးဖြစ်ပြီး‌ ထောင်နဲ့ချီပါဝင်တယ်လို့ ကရင်နယ်ခြားစောင့်တပ် (BGF) သတင်းထုတ်ပြန်ရေး တာဝန်ခံ ဒုတိယဗိုလ်မှူးကြီး နိုင်မောင်ဇော်က ပြောထားပါတယ်။

၂၀၂၃ ခုနှစ်အတွင်း ကုလသမဂ္ဂက ထုတ်ပြန်တဲ့ အစီရင်ခံစာတစ်ခုမှာ ထိုင်း-မြန်မာနယ်စပ်တစ်လျှောက် အပါအဝင် အရှေ့တောင်အာရှက လိမ်လည်မှုလုပ်ငန်းတွေထဲကို လူသိန်းပေါင်းများစွာ ရောက်ရှိသွားနိုင်ပြီး ဒီလုပ်ငန်းတွေကနေ အမေရိကန်ဒေါ်လာ ဘီလီယံနဲ့ချီ ဝင်ငွေရနိုင်တယ်လို့ ဖော်ပြထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org